အာဖဂန်နစ္စတန်တွင် တာလီဘန်နှင့် ဆက်ဆံရေးတိုးမြှင့်ရန် တရုတ် သန္နိဋ္ဌာန်ချထား

By ANI  
10 February 2023
အာဖဂန်နစ္စတန်တွင် တာလီဘန်နှင့် ဆက်ဆံရေးတိုးမြှင့်ရန် တရုတ် သန္နိဋ္ဌာန်ချထား

တရုတ်နိုင်ငံသည် အာဖဂန်နစ္စတန်တွင် တာလီဘန်နှင့် ဆက်ဆံရေးတိုးမြှင့်ရန် သန္နိဋ္ဌာန်ချထားသည့် နိုင်ငံအနည်းငယ်ထဲတွင် ပါဝင်ကြောင်း ဟောင်ကောင်အခြေစိုက် Asia Times သတင်းစာတွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံသည် ၂၀၂၁ ခုနှစ်၊ နှစ်လယ်ပိုင်းတွင် တာလီဘန် ကိုယ်စားလှယ်အဖွဲ့ကို လက်ခံတွေ့ဆုံခဲ့သည်။ အမေရိကန်နိုင်ငံက ၎င်း၏ အစီအစဉ်အတိုင်း အာဖဂန်မှထွက်ခွာမည့် အရိပ်အယောင်များပြနေချိန်တွင် တရုတ်နိုင်ငံက တာလီဘန်ကို အသိအမှတ်ပြုရန် ဆန္ဒရှိကြောင်း ပြသခဲ့သည်။ တရုတ်ကုမ္ပဏီတစ်ခုသည် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလအစောပိုင်းတွင် အာဖဂန်နစ္စတန်တွင် ရေနံတူးဖော်ထုတ်ယူရန် ၂၅ နှစ်သက်တမ်းရှိ စာချုပ်တစ်ခုကို သဘောတူ လက်မှတ်ရေးထိုးခဲ့သည်။

အာဖဂန်နစ္စတန်နိုင်ငံအတွင်း ကြေးနီတူးဖော်ရန် တရုတ်အစိုးရပိုင် ကုမ္ပဏီတစ်ခုနှင့် စာချုပ်ချုပ်ဆိုနိုင်ခြေလည်း ရှိနေသည်။
အနောက်နိုင်ငံများက အာဖဂန်နစ္စတန်နှင့် ဆက်နွှယ်မှုအားလုံးကို ရုပ်သိမ်းလိုက်သည့်အတွက် တရုတ်နိုင်ငံက အာဖဂန်နိုင်ငံအတွင်း စီးပွားရေးအရ တည်ရှိမှုကို တိုးမြှင့်ရန် ဆန္ဒရှိနေသည်မှာ အထူးအဆန်းမဟုတ်ကြောင်း Asia Times က ဆိုသည်။

အစဉ်အလာအရ တရုတ်၏ အာဖဂန်မူဝါဒမှာ သံတမန်ရေး ဦးစားပေးမဟုတ်ဘဲ ယခုအခါ အခွင့်အလမ်းများကိုသာ ကြည့်တော့သည်။
အာဖဂန်နစ္စတန်နှင့် ပိုမိုတက်ကြွစွာ ထိတွေ့ဆက်ဆံမှုကြောင့် တရုတ်နိုင်ငံကို နည်းလမ်းပေါင်းစုံမှ အကျိုးဖြစ်ထွန်းစေမည်ဟု Asia Times သတင်းတွင် ဖော်ပြထားသည်။ အာဖဂန်နစ္စတန်သည် ကမ္ဘာ့သယံဇာတအကြွယ်ဝဆုံးနိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်သော်လည်း လုံခြုံရေးအခြေအနေများက သယံဇာတကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို အဟန့်အတားဖြစ်စေလျက်ရှိသည်။

ကြေးနီ၊ သံနှင့် လီသီယမ်ကဲ့သို့ အာဖဂန်နစ္စတန်၏ မတူးဖော်ရသေးသည့်် ဓာတ်သတ္တုသိုက်များ၏ ခန့်မှန်းတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁ ထရီလီယံနီးပါး ဖြစ်သည်။ အာဖဂန်နစ္စတန်တွင် ရေနံစိမ်းစည်ပေါင်း ၁ ဒသမ ၆ ဘီလီယံ၊ သဘာဝဓာတ်ငွေ့ ကုဗပေ ၁၆ ထရီလီယံနှင့် သဘာဝဓာတ်ငွေ့ရည် စည်ပေါင်း သန်း ၅၀၀ ပိုင်ဆိုင်ထားသည်။

တရုတ်နိုင်ငံ၏ ပြည်တွင်းစွမ်းအင်လိုအပ်ချက်သည် ဘူမိဗေဒနှင့် ထုတ်လုပ်နိုင်သောစွမ်းအင်ပမာဏအရ အကန့်အသတ်ရှိနေပြီး အခြားနိုင်ငံများအပေါ် မှီခိုနေရခြင်းသည် စွမ်းအင်ဖူလုံရေးဆိုင်ရာ စိုးရိမ်မှုများ ဖြစ်ပေါ်စေသည်။
ထို့ကြောင့် အာဖဂန်နစ္စတန်၏ သဘာဝသယံဇာတများကို ရရှိမှုသည် အာဖဂန်နစ္စတန်နိုင်ငံအတွင်း ကူးသန်းရောင်းဝယ်ရေးဆိုင်ရာတည်ရှိမှုကို တိုးမြှင့်ရန် တရုတ်အတွက် စီးပွားရေးမက်လုံးများ ပေးရုံသာမကဘဲ တရုတ်၏ ကြီးထွားလာသော စွမ်းအင်လိုအပ်ချက်ကို လျှော့ချနိုင်စေမည့် အလားအလာလည်း ရှိနေသည်ဟု  Asia Times က ဖော်ပြထားသည်။

တရုတ်နိုင်ငံသည် ၎င်း၏ရေတိုစွမ်းအင်ဖူလုံရေးအတွက် အာဖဂန်နစ္စတန်နှင့် ပူးပေါင်းဆောင်ရွက်ရန် ဦးစားပေး လုပ်ဆောင်လျက်ရှိသည်။

အာဖဂန်နစ္စတန်မှ စစ်သွေးကြွများ တရုတ်နိုင်ငံအနောက်ပိုင်း ရှင်ကျန်းဒေသသို့ စိမ့်ဝင်လာမည်ကို စိုးရိမ်သဖြင့် တရုတ်သည် အလားအလာရှိသော ကုန်သွယ်ရေးနှင့်ရင်းနှီးမြုပ်နှံမှုများတွင် တာလီဘန်နှင့် အရောဝင် ထိတွေ့ဆက်ဆံလျက်ရှိသည်ဟု Afghan Diaspora Network က ဖော်ပြခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly