မတူပီမြို့နယ်အတွင်း တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး သေနတ် ၂လက် သိမ်းဆည်းရဟု CDF – Zotung ဆို

By ပါခွီး
09 February 2023
မတူပီမြို့နယ်အတွင်း တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး သေနတ် ၂လက် သိမ်းဆည်းရဟု CDF – Zotung ဆို

မဇ္စျိမ ။။ ချင်းပြည်နယ် ၊ မတူပီမြို့နယ် ဇိုတုန်နယ်တွင် တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်မှ သေဆုံးဒဏ်ရာရရှိသူများပြားကာ သေနတ် နှစ်လက် သိမ်းဆည်းရရှိကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (ဇိုတုန်) CDF – Zotung က  ထုတ်ပြန်သည်။

ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် မွန်းတည့် ၁၂နာရီမှ မွန်းလွဲ ၂နာရီ အတွင်း တိုက်ပွဲ အကြိမ်ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှအကျအဆုံးများပြားကာ မောင်းပြန် နှစ်လက် သိမ်းဆည်းရကြောင်း ဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့များသည် မတူပီမြို့နယ် ရေဇွာမြို့မှ မိုင် ၂၀အကွာရှိကျေးရွာ တစ်ရွာတွင် တပ်စွဲထားပြီး ဇိုတုန်နယ်ထဲတွင် တိုက်ပွဲများ ပြင်းထန်လာနိုင်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

ပြည်သူများအနေဖြင့် မတူပီ - ရေဇွာ အကြား ခရီးသွားခြင်းမပြုပါရန် CDF – Zotung မှ အသိပေးထားသည်။

ဖေဖေဝါရီလ ၈ရက်နေ့တွင် တပ်ရင်းမှူးဟောင်းဖြစ်ခဲ့သည့် သိန်းလွင်သည် စစ်အာဏာရှင် အမြစ်ပြတ်ချေမှုန်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် တည်ထောင်နိုင်ရေးအတွက် ရှေ့တန်းတစ်နေရာတွင် တာဝန်ထမ်းဆောင်ရင်း မြင့်မြတ်စွာကျဆုံးခဲ့ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (ဇိုတုန်) မှ ထုတ်ပြန်ခဲ့သည်။

ဖေဖော်ဝါရီလ ၄ရက်နေ့က ဇိုတုန်နယ် တိန်းဆီးရွာနှင့် ထော်လှန်ရွာအကြားတွင် ကြားဖြတ်ချုံခိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၀ဦးသေဆုံးပြီး ငါးဦး ဒဏ်ရာရရှိသွားကြောင်း သိရသည်။

အထိနာနေသော စစ်ကောင်စီတပ်သားများသည် တိုက်ပွဲဖြစ်ပွားရာ အနီးကျေးရွာမှ ပြည်သူ ရှစ်ဦးကို ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် ခေါ်ဆောင်သွားကြောင်းသိရရှိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required