တရုတ်နိုင်ငံ ရှင်ကျန်းပြည်နယ်မှ သွင်းကုန်များကို အမေရိကန်က ပိုမိုစိစစ်လာ

By ANI 
09 February 2023
တရုတ်နိုင်ငံ ရှင်ကျန်းပြည်နယ်မှ သွင်းကုန်များကို အမေရိကန်က ပိုမိုစိစစ်လာ

ဝီဂါအဓမ္မလုပ်အားပေးခိုင်းစေမှုဖြင့် ထုတ်လုပ်သည့် ကုန်ပစ္စည်းများကို ပိတ်ဆို့ရန် ရည်ရွယ်သော မကြာသေးမီက ထုတ်ပြန်ခဲ့သည့် ဝီဂါများအားအတင်းအဓမ္မစေခိုင်းမှုကာကွယ်ရေးအက်ဥပဒေအရ အမေရိကန်အကောက်ခွန်နှင့် နယ်စပ်ကာကွယ်ရေးဌာန(CBP) သည် တရုတ်နိုင်ငံ ရှင်ကျန်းဒေသမှ သွင်းကုန်များကို စိစစ်လျက်ရှိသည်။

သွင်းကုန်အများစုတွင် ဆိုလာပြားများနှင့် ဆက်စပ်အစိတ်အပိုင်းများ တင်ပို့မှုက အများဆုံးဖြစ်ကြောင်း Fox Business က ဖော်ပြခဲ့သည်။

"ဇွန် ၂၀၂၂ ခုနှစ်မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလအတွင်း တင်ပို့မှု ၂၆၉၂ ကြိမ်သည် ဝီဂါများအား အတင်းအဓမ္မစေခိုင်းမှုတားဆီးရေးအက်ဥပဒေပါ စည်းကမ်းချက်များကို ချိုးဖောက်နိုင်ဖွယ်ကြောင်း CBP ၏ ပြောရေးဆိုခွင့်ရှိသူက FOX Business သို့ ပြောကြားခဲ့သည်။

“ဒီတင်ပို့မှုတွေက အမေရိကန်ဒေါ်လာ ၈၁၇ သန်းကျော်ဖိုးရှိပါတယ်” ဟု ပြောရေးဆိုခွင့်ရှိသူက ထပ်လောင်း ပြောကြားခဲ့သည်။
ဝီဂါအဓမ္မလုပ်အားပေးစေခိုင်းမှုတားဆီးရေးအက်ဥပေဒ (UFLPA) ကို ကွန်ဂရက်လွှတ်တော် ၂ ရပ်လုံးတွင်  ပါတီ ၂ ခုလုံး၏ ထောက်ခံမှုဖြင့် အတည်ပြုပြီးနောက် သမ္မတဘိုင်ဒင်က ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် လက်မှတ်ထိုးခဲ့ကာ ၂၀၂၂ ခုနှစ် ဇွန်လတွင် ဥပဒေအဖြစ် စတင်အသက်ဝင်လာခဲ့သည်။

UFLPA စတင်အသက်ဝင်လာပြီးနောက် CBP မှ စစ်ဆေးသော တင်ပို့ကုန်ပစ္စည်းများ၏ ထက်ဝက်နီးပါးသည် ဆိုလာပြားများနှင့် နေရောင်ခြည်စွမ်းအင်လုပ်ငန်းတွင် အသုံးပြုသည့် ဆက်စပ်အစိတ်အပိုင်းများဖြစ်ကြောင်း Fox Business သတင်းတွင် ဖော်ပြထားသည်။
စစ်ဆေးရန် ထိန်းသိမ်းထားသော ကုန်ပစ္စည်း ၆ ပုံ ၁ ပုံခန့်မှာ အဝတ်အထည်များဖြစ်သည်။ တင်ပို့မှု၏ ၃ ပုံ ၁ ပုံခန့်ကို စစ်ဆေးပြီးနောက် ခွင့်ပြုခဲ့သည်။

တရုတ်နိုင်ငံ ရှင်ကျန်းပြည်နယ်ရှိ ဝီဂါစခန်းအများအပြားကို တရားဝင်အကျဉ်းထောင်အဖြစ် ပြောင်းလဲခဲ့ပြီး အကျဉ်းသားများကို နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့ကြောင်း အမေရိကန်အခြေစိုက် နိုင်ငံခြားရေးရာမဂ္ဂဇင်းက မကြာသေးမီက ဖော်ပြခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly