အိန္ဒိယနှင့်ထိုင်ဝမ်တို့အပေါ် တရုတ်၏ ရန်စမှုကို ကန့်ကွက်ရန် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးကို ရီပတ်ဘလစ်ကန်အမတ်များ တိုက်တွန်း 

By ANI
09 February 2023
အိန္ဒိယနှင့်ထိုင်ဝမ်တို့အပေါ် တရုတ်၏ ရန်စမှုကို ကန့်ကွက်ရန် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးကို ရီပတ်ဘလစ်ကန်အမတ်များ တိုက်တွန်း 

ထိုင်ဝမ်နှင့် အိန္ဒိယတို့အပေါ် တရုတ်၏ ရန်စမှုသည် လက်ခံနိုင်စရာမရှိကြောင်း တရုတ်ကို ပြောရန်နှင့် လူ့အခွင့်အရေး ဖောက်ဖျက်မှုအတွက် တရုတ်နိုင်ငံအား တာဝန်ခံခိုင်းရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်ကို ရီပက်ပလစ်ကန် အမတ်များက ဖေဖေါ်ဝါရီ ၁ ရက်‌နေ့တွင် တိုက်တွန်းလိုက်သည်။

ဆီးနိတ်အမတ် မာကို ရူဘီယိုနှင့် အခြားလုပ်ဖော်ကိုင်ဖက်များက တရုတ်ကွန်မြူနစ်ပါတီသည် အဆိုးရွားဆုံး လူ့အခွင့်အရေးချိုးဖောက်သူဖြစ်ကြောင်း ပြောဆိုလျက် ရှင်ကျန်း ဝီဂါကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (XUAR) ရှိ မွတ်စလင်လူမျိုးများကို အစုလိုက်အပြုံလိုက် စောင့်ကြည့်ကာ ထိန်းချုပ်ခြင်း၊ လူတစ်ဦးချင်းစီ၏ ငြိမ်းချမ်းစွာ ဘာသာရေး လိုက်နာကျင့်သုံးခွင့်ကို ပိတ်ပင်ခြင်း၊ အတင်းအဓမ္မလုပ်အားပေးခိုင်းစေခြင်း၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း၊ အတင်းအကျပ် ကိုယ်ဝန်ဖျက်ချစေခြင်းအပါအဝင် တရုတ်၏ လုပ်ရပ်များသည် လူမျိုးတုံးသတ်ဖြတ်ခြင်းနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုမြောက်ကြောင်း ဘိုင်ဒင်နှင့် ထရမ့်အစိုးရနှစ်ရပ်စလုံးက သတ်မှတ်ထားသည်ဟု ဘလင်ကန်နှင့် ဘဏ္ဍာရေးဝန်ကြီး ဂျနက်ယဲလ်လန်ထံသို့ ပေးပို့သည့်စာတွင် ရေးသားထားသည်။

တရုတ်ကွန်မြူနစ်ပါတီသည် ၎င်းအတွက် ခြိမ်းခြောက်မှုဟု ယူဆထားသည့် တိဗက်၊ ခရစ်ယာန်များနှင့် ဖာလုံဂေါင် ကိုးကွယ်ယုံကြည်သူကဲ့သို့သော လူအုပ်စုများ၏ အခြေခံလူ့အခွင့်အရေးများကို ဆက်လက်ပိတ်ပင်တားဆီးနေသည်။
တရုတ်ကွန်မြူနစ်ပါတီသည် အင်ဒို-ပစိဖိတ်ဒေသနှင့် အလွန်တွင် ရန်စမှုများ အရှိန်မြှင့် လုပ်ဆောင်နေသည်ဟုလည်း စာတွင်  ဖော်ပြထားသည်။

ဘိုင်ဒင်အစိုးရအဖွဲ့၏ အမျိုးသားလုံခြုံရေးမဟာဗျူဟာတွင် တရုတ်ကွန်မြူနစ်ပါတီအား နိုင်ငံတကာစည်းမျဥ်းကို ပြန်လည်ပုံဖော်ရန် ရည်ရွယ်နေသည့် တစ်ခုတည်းသောပြိုင်ဘက်အဖြစ် ဖော်ပြထားကြောင်းနှင့် တရုတ်ကွန်မြူနစ်ပါတီသည် အချုပ်အခြာအာဏာအတွက် မည်သူ့အခါမျှ အလျှော့မပေးသော သန္နိဋ္ဌာန်နှင့်အတူ တိုက်ပွဲဝင်စိတ်ဓာတ်ရှိကြောင်း အကြိမ် ၂၀ မြောက် ကွန်ဂရက်ညီလာခံ အစီရင်ခံစာတွင် ရှီကျင့်ဖျင်က ထုတ်ဖော်ပြောဆိုခဲ့ပြီး ရှီသည် ထိုင်ဝမ်ရေလက်ကြားနှင့် အိန္ဒိယနှင့် ဟိမဝန္တာနယ်စပ်တစ်လျှောက်တွင်  လက်ခံနိုင်ဖွယ်မရှိသော  ရန်စသည့် အပြုအမူများ လုပ်ဆောင်ခဲ့သည်ကို မကြာသေးမီက တွေ့မြင်ခဲ့ရသည်” ဟု  ဘလင်ကန်သို့ပေးစာတွင် ဖော်ပြထားသည်။

“တရုတ်ကွန်မြူနစ်ပါတီသည် အင်ဒို-ပစိဖိတ်ဒေသကို ကျော်လွန်၍ အတိုက်အခံများကို ဖိနှိပ်ရန်နှင့် ခြိမ်းခြောက်မှုအဖြစ် ယူဆထားသူများကို စောင့်ကြည့်ရန် အမေရိကန်၊ ဂျပန်နှင့် ဥရောပတစ်ခွင်တွင်  လျှို့ဝှက်ရဲစခန်းများနှင့် ထောက်လှမ်းရေးအချက်အလက် စုဆောင်းရေးစခန်းများ ထူထောင်ထားသည်” ဟု ဆိုသည်။ 

“ပထဝီဝင်နိုင်ငံရေး ရည်မှန်းချက်များအောင်မြင်ရန် အမေရိကန်နှင့် မိမိတို့၏ မဟာမိတ်များနှင့် မိတ်ဖက်များအပေါ် အကျပ်ကိုင်မှုနှင့် ရန်လိုမှုတို့လုပ်ဆောင်ရန် ရှီက ဆုံးဖြတ်ထားသည်မှာ ထင်ရှားသည်။ ထို့ကြောင့် တရုတ်ကွန်မြူနစ်ပါတီအား  အဆိုပါရည်ရွယ်ချက်များ မဖြစ်မြောက်အောင် ဟန့်တားရေးမှာ မိမိတို့ ၏ ထိပ်တန်းဦးစားပေးဖြစ်ရမည်” ဆီးနိတ်အမတ် မာကို ရူဘီယိုက ပြောကြားခဲ့သည်။

" အမေရိကန် နိုင်ငံသားများ၊ အမေရိကန် စီးပွားရေးလုပ်ငန်းများနှင့် အမေရိကန် မဟာမိတ်များအပေါ် ယင်းကဲ့သို့ စော်ကားမှုများကို အမေရိကန်က သည်းမခံနိုင်တော့ကြောင်း သတင်းစကားပါးရန်နှင့် အထက်တွင်ဖော်ပြခဲ့သော အချက်များကို တရုတ်ကွန်မြူနစ်ပါတီ မိတ်ဖက်များနှင့်အလေးထားဆွေးနွေးရန် တရုတ်ခရီးစဉ်ကို အသုံးချရေး ရီပတ်ဘလစ်ကန် လွှတ်တော်အမတ်များက ဘလင်ကန်နှင့် ယဲလ်လန်တို့အား တိုက်တွန်းထားသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly