ပါကစ္စတန်မှ မူးယစ်ဆေးများ ခိုးသွင်းသည့် ဒရုန်းကို အိန္ဒိယနယ်ခြားစောင့်တပ်က ပစ်ချ

By ANI 
09 February 2023
ပါကစ္စတန်မှ မူးယစ်ဆေးများ ခိုးသွင်းသည့် ဒရုန်းကို အိန္ဒိယနယ်ခြားစောင့်တပ်က ပစ်ချ

အိန္ဒိယနိုင်ငံ ပန်ဂျပ်ပြည်နယ် ဖာဇီလ်ခါခရိုင် မွမ်ဘိခိရွာအနီးရှိ အိန္ဒိယနှင့် ပါကစ္စတန်နယ်စပ်တွင် ဖေဖော်ဝါရီလ ၁ ရက်နေ့ အစောပိုင်းက သံသယဖြစ်ဖွယ် မောင်းသူမဲ့ ဒရုန်းတစ်စင်းလှုပ်ရှားမှုကို နယ်ခြားစောင့် တပ်ဖွဲ့ဝင်များက သံသယရှိသဖြင့် ပစ်ခတ်ခဲ့ရာ ဘိန်းဖြူ ၂ ဒသမ ၆၂၂ ကီလိုဂရမ်ကို သိမ်းဆည်းရမိခဲ့သည်။

နယ်စပ်တွင် တပ်စွဲထားသော နယ်ခြားလုံခြုံရေးတပ်ဖွဲ့ (BSF) သည် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် ညပိုင်းက ပါကစ္စတန် နယ်စပ်ဒေသ ဖာဇီလ်ခါနှင့်မွမ်ဘိခိကျေးရွာများကို ဖြတ်သန်း၍ အိန္ဒိယပိုင်နက်အတွင်းသို့  ဝင်ရောက်လာသည့် မီးနီလင်းနေသော သံသယဖြစ်ဖွယ်ဒရုန်းတစ်စင်းကို  မြင်တွေ့ခဲ့ရသည်။

တပ်ဖွဲ့ဝင်များသည် ဒရုန်းကို ပစ်ချခဲ့ကာ နယ်မြေတစ်ခုလုံး ပိတ်ဆို့ပြီး ရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများထံ အကြောင်းကြားခဲ့သည်။

ထို့ပြင် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များသည် နယ်မြေရှင်းလင်းမှုအတွင်း အလေးချိန် ၂ ဒသမ ၆၂၂ ကီလိုဂရမ်ရှိ ဘိန်းဖြူဟု ယူဆရသည့် မှောင်ခိုပစ္စည်း ၃ ထုပ်ကို မီးအချက်ပြကိရိယာ ၁ ခုနှင့်အတူ မွမ်ဘိခိ ရွာအနီး ဂျုံစိုက်ကွင်း အတွင်းမှ သိမ်းဆည်းရမိခဲ့သည်။

အလားတူ ကဘူးလ်ရှားကျေးရွာအနီး ပတ်ဝန်းကျင်တွင် ရှာဖွေမှုလုပ်ဆောင်ရာ BSF တပ်ဖွဲ့ဝင်များသည် ၂ ဒသမ ၆၁၂ ကီလိုဂရမ် အလေးချိန်ရှိသည့် ဘိန်းဖြူဟု ယူဆရသော နောက်ထပ် မှောင်ခိုပစ္စည်း အထုပ် ၃ ထုပ်ကို မီးအချက်ပြ ကိရိယာနှင့် အတူ ဂျုံစိုက်ခင်းတွင်းမှ သိမ်းဆည်းရမိခဲ့သည်။

သိမ်းဆည်းရမိသော မူးယစ်ဆေးဝါး မှာ စုစုပေါင်းအလေးချိန် ၅ ဒသမ ၂၃၄ ကီလိုဂရမ်နှင့် မီးအချက်ပြ ကိရိယာ (Blinker) ၂ ခုဖြစ်ပြီး ၎င်း စက် ၂ ခုလုံးတွင် ဘက်ထရီ ၁ လုံးစီ ပါရှိသည်။ 
မူးယစ်ဆေးဝါးထိန်းချုပ်ရေးဗျူရို (NCB) သည်  ဇန်နဝါရီလ ၂၁ ရက်နေ့က ပန်ဂျပ်ပြည်နယ် လူဒီယာနာမှ နိုင်ငံတကာသို့ မူးယစ်ဆေးဝါး မှောင်ခိုဖြန့်ဖြူး ရောင်းချခြင်းကို ဦးဆောင်လှုပ်ရှားနေသည့် အမျိုးသား ၁ ဦးကို ဖမ်းဆီးခဲ့ပြီး ၎င်းပိုင်ဆိုင်သော အရက်ဆိုင် ၅၃ ခုနှင့် ဆိုင်ခွဲ ၁၃ ခုကို ဖမ်းဆီးခဲ့သည်။

ဘိန်းဖြူ ၃၄ ၄၆၆ ကီလို၊ မော်ဖင်း ၅ ၄၇၀ ကီလို၊ ဘိန်း ၅၅၇ ဂရမ်နှင့် မူးယစ်ဆေးဝါးမှုန့် ၂၃ ၆၄၅ ကီလိုတို့ကို သိမ်းဆည်းရမိခဲ့ပြီး လူ ၁၆ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း NCB မှ ထုတ်ပြန်ထားသည်။

ပန်ဂျပ်ရဲတပ်ဖွဲ့သည် ဇန်နဝါရီလ အစောပိုင်းက မူးယစ်ဆေးဝါးဂိုဏ်းကြီးကို ဖြိုခွင်းရာတွင် မူးယစ်ဆေးဝါး မှောင်ခိုရောင်းချသူ ၂၅၈ ဦးကို ဖမ်းဆီးခဲ့ပြီး ၁ ပတ်အတွင်း ရူပီး ၂၀ ဒသမ ၅ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါး ကီလိုဂရမ် ၁၀၀ ကျော်ကို သိမ်းဆည်းရမိခဲ့သည်။

တာဝန်ရှိသူများက မူးယစ်ဆေးဝါး မှောင်ခိုရောင်းချသူ ၂၅၈ ဦးကို ဖမ်းဆီးခဲ့ပြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ အက်ဥပဒေ (NDPS) အရ အမှုအစီရင်ခံစာ ၁၉၄ ခုကို မှတ်ပုံတင်သွင်းအရေးယူထားကြောင်း ဇန်နဝါရီ ၁၆ ရက်က သတင်းထုတ်ပြန်ခဲ့သည်။ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly