အရှေ့တာကစ္စတန်အတွင်း တရုတ်၏ လူမျိုးတုံးသတ်ဖြတ်မှုအား ကန့်ကွက်ပေးရန်   အမေရိကန် နိုင်ငံခြားရေးဝန်ကြီးကို အဝေးရောက်အစိုးရအဖွဲ့ တိုက်တွန်း 

By ANI
09 February 2023
အရှေ့တာကစ္စတန်အတွင်း တရုတ်၏ လူမျိုးတုံးသတ်ဖြတ်မှုအား ကန့်ကွက်ပေးရန်   အမေရိကန် နိုင်ငံခြားရေးဝန်ကြီးကို အဝေးရောက်အစိုးရအဖွဲ့ တိုက်တွန်း 

အရှေ့တာကစ္စတန်တွင် လက်ရှိဖြစ်ပေါ်နေသော တရုတ်၏ လူမျိုးတုံးသတ်ဖြတ်မှု၊ ကိုလိုနီပြု သိမ်းပိုက်မှုတို့ကို ကန့်ကွက်ကြောင်း အခိုင်အမာရပ်တည်ပေးရန် အဝေးရောက်တာကစ္စတန်အစိုးရက အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအား တရုတ်ခရီးစဉ်မတိုင်မီ တောင်းဆိုထားသည်။  

ပါဟတ်တာရ်စန် ကဲ့သို့သော ပညာရှင်များ အပါအဝင် ဖမ်းဆီးထားသည့် သန်းနှင့်ချီသော အရှေ့တာကစ္စတန်သားများကို လွှတ်ပေးရေး တေင်းဆိုပေးရန် အဝေးရောက် တာကစ္စတန်အစိုးရ (ETGE) မှ ဘလင်ကန်အား တိုက်တွန်းခဲ့သည်။ ဖေဖော်ဝါရီ ၅ ရက်သည် အရှေ့ တာကစ္စတန် ဂူဂျ်လာမြို့တွင် ၁၉၉၇ ခုနှစ် ၌ ဖြစ်ပွားခဲ့သော ဂူဂျ်လာအစုလိုက်အပြုံလိုက် သတ်ဖြတ်မှု၏ ၂၆ နှစ်မြောက် နှစ်ပတ်လည်နေ့ဖြစ်ကြောင်း အဝေးရောက်တာကစ္စတန်အစိုးရ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

"အမေရိကန်အနေဖြင့် ၁၉၉၇ ခုနှစ် ဂူဂျ်လာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကို အသိအမှတ်ပြုပြီး ရှုတ်ချရမည်" ဟု ETGE ဝန်ကြီးချုပ် ဆာလီဟ် ဟူဒါရားက သတင်းထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။

“အရှေ့တာကစ္စတန်တွင် တရုတ်နိုင်ငံ၏ လက်ရှိဖြစ်ပေါ်နေသော လူမျိုးတုံးသတ်ဖြတ်မှုနှင့် ကိုလိုနီပြုမှုကို ဆန့်ကျင်ကာ အခိုင်အမာရပ်တည်ရန် ဘလင်ကန်အနေဖြင့် တရုတ်ခရီးစဉ်ကို အသုံးချရန် တောင်းဆိုသည်” ဟု ETGE ဝန်ကြီးချုပ်က ပြောသည်။
ဂူဂျ်လာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု၏ ၂၆ နှစ်မြောက် အထိမ်းအမှတ်အဖြစ် အဝေးရောက် အရှေ့ တာကစ္စတန် အစိုးရ(ETGE) နှင့် အရှေ့တာကစ္စတန် အမျိုးသားရေးလှုပ်ရှားမှုအဖွဲ့တို့သည် တရုတ်၏ လူမျိုးတုန်းသတ်ဖြတ်မှုနှင့် ကိုလိုနီပြု သိမ်းပိုက်မှုကို ရှုတ်ချသည့်အနေဖြင့် ဖေဖော်ဝါရီ ၅ ရက်က အိမ်ဖြူတော် အပြင်ဘက်၌ ဆန္ဒဖော်ထုတ်ပွဲ ပြုလုပ်ခဲ့ကြသည်။

အဆိုပါ ဆန္ဒပြပွဲသည် ဝီဂါနှင့် အရှေ့တာကစ္စတန် လူမျိုးစုများအပေါ် တရုတ်၏ ကိုလိုနီပြု သိမ်းပိုက်မှုနှင့်၊ လူမျိုးတုံးသတ်ဖြတ်မှုတို့ အဆုံးသတ်ရေး ထုတ်ဖော်ပြောဆိုရန်  အမေရိကန်ရှိ  အရှေ့တာကစ္စတန်နှင့် ဝီဂါရွှေ့ပြောင်းများ၏ လှုပ်ရှားမှုတစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အရှေ့တာကစ္စတန်ကို ၁၉၄၉ ခုနှစ်တွင် တရုတ်တို့ ကျူးကျော်ဝင်ရောက်ပြီးချိန်မှစ၍ ဝီဂါနှင့် အခြားသော တာကစ်လူမျိုးများသည် ချွေးတပ်စခန်းများ၊ အကျဉ်းထောင်များနှင့် ရဲဘက်စခန်းများတွင် ထိန်းသိမ်းခံရကာ တရုတ်အုပ်ချုပ်မှုအောက်တွင် ဒုက္ခခံစားခဲ့ကြရသည်ဟု ETGE က ပြောသည်။ တာကစ်အမျိုးသမီးများအား တရုတ်အမျိုးသားများနှင့် အတင်းအကျပ် လက်ထပ်ခိုင်းခြင်းနှင့်  အတင်းအကျပ် ကိုယ်ဝန်ဖျက်ချခိုင်းခြင်းများသည် တာကစ် လူဦးရေတိုးနှုန်းကို သိသိသာသာ ကျဆင်း‌အောင် လုပ်ဆောင်ခြင်းဖြစ်သည်ဟု ETGE က ဆိုသည်။ 

“အရှေ့တာကစ္စတန်ရဲ့ လွတ်လပ်ရေးကို ပြန်လည်ထူထောင်တာဟာ လက်ရှိဖြစ်ပေါ်နေတဲ့ တရုတ်တို့ရဲ့ လူမျိုးတုံးသတ်ဖြတ်မှုကို အဆုံးသတ်ဖို့ တစ်ခုတည်းသောနည်းလမ်းဖြစ်ပြီး အရှေ့တာကစ္စတန်မှာရှိတဲ့ ဝီဂါနဲ့ အခြားသော တာကစ်လူမျိုးတွေရဲ့ ရှင်သန်မှုကို အာမခံပေးနိုင်ဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို ကျွန်တော်တို့ တောင်းဆိုပါတယ်” ဟု အဝေးရောက် အရှေ့တာကစ္စတန် သမ္မတ ဂူလန်ယက်ဂ်မာက ပြောကြားခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required