သပိတ်ကော်မတီဖွဲ့စည်းခြင်း(၂) နှစ်ပြည့် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလူထုသပိတ် လောင်းလုံးတွင် ပြုလုပ် 

By ကိုရွှေမြိတ်(မဇ္ဈိမ)
08 February 2023
သပိတ်ကော်မတီဖွဲ့စည်းခြင်း(၂) နှစ်ပြည့် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလူထုသပိတ် လောင်းလုံးတွင် ပြုလုပ် 

 ထားဝယ်ခရိုင်ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီဖွဲ့စည်းထူထောင်ခြင်း (၂) နှစ်ပြည့် စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုသပိတ်ကိုလောင်းလုံးမြို့နယ်တွင် ယမန်နေ့ (ဖေဖော်ဝါရီလ ၇ ရက်)နေ့လယ်က ပြုလုပ်ခဲ့သည်။

အဆိုပါ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်လှုပ်ရှားမှုကို တနင်္သာရီတိုင်း ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်မှ ဒေသခံလူငယ်များနှင့်အမျိုးသမီးများအပါအဝင် ပြည်သူအများအပြားပူးပေါင်းပါဝင်ခဲ့ကြသည်ဟု  သိရသည်။

“စစ်ကျွန်ဘဝက လွတ်မြောက်ဖို့.... ဖက်ဆစ်ရွေးကောက်ပွဲ တိုက်ဖျက်စို့” ဟူသော ဗီနိုင်းများကိုင်စွဲ၍ ချီတက်လှုပ်ရှားခဲ့သည်ဟု သပိတ်ဦးဆောင်သူ တစ်ဦးက မဇ္ဈိမသို့ ပြောသည်။ 

ထားဝယ်ခရိုင်ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီအနေဖြင့် စစ်အာဏာရှင်စနစ်အဆုံးသတ်ရေးအတွက် အကြမ်းမဖက်နိုင်ငံရေးအံတုမှု နည်းလမ်းပေါင်းစုံကိုင်စွဲပြီး သပိတ်လှုပ်ရှားမှု နယ်မြေများချဲ့ထွင်ကာ လက်နက်မဲ့လူထုတိုက်ပွဲ ဖော်ဆောင်သွားမည်ဖြစ်ကြောင်း သပိတ်ကော်မတီဖွဲ့စည်းထူထောင်ခြင်း (၂)နှစ်ပြည့် အထိမ်းအမှတ်နေ့တွင်  ပြည်သူများကို စည်းရုံးပြောဆိုသွားခဲ့သည်။ 

ထားဝယ်ခရိုင်ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီကို နိုင်ငံတော်အာဏာအား စစ်ကောင်စီက သိမ်းယူပြီး ရက်ပိုင်းအကြာ ၂၀၂၁ ဖေဖော်ဝါရီလ ၇ ရက်တွင် ဖွဲ့စည်းခဲ့သည်။

ကော်မတီတွင်ထားဝယ်ပင်မသပိတ်စစ်ကြောင်း၊ပညာ/အင်ယာ စစ်ကြောင်း၊LGBT သပိတ်‌စစ်ကြောင်း၊လောင်းလုံးမြို့နယ် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ၊ထားဝယ်တောင်ပိုင်း သပိတ်စစ်ကြောင်း၊ရေဖြူမြို့နယ် လူငယ်သပိတ်စစ်‌ကြောင်း၊ကံပေါက်ဒေသ သပိတ်စစ်ကြောင်း၊အရှေ့တော သပိတ်စစ်ကြောင်း၊သရက်ချောင်းမြို့နယ် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ၊နှင်းဆီရောင်အမျိုးသမီးများသမဂ္ဂ(ထားဝယ်)နှင့်အခြေခံပညာကျောင်းသားများသပိတ်ကော်မတီ(လောင်းလုံးမြို့နယ်)တို့ ပါဝင်သည်။ 

စာတည်း-မောင်ကြီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required