ယူကရိန်းတွင် Wagner ရုရှားကြေးစားစစ်သားအဖွဲ့ကို ကူညီသည့် တရုတ်ကုမ္ပဏီကို အမေရိကန် ဒဏ်ခတ်ပိတ်ဆို့

By ANI
08 February 2023
ယူကရိန်းတွင် Wagner ရုရှားကြေးစားစစ်သားအဖွဲ့ကို ကူညီသည့် တရုတ်ကုမ္ပဏီကို အမေရိကန် ဒဏ်ခတ်ပိတ်ဆို့

ယူကရိန်းရှိ တည်နေရာများ၏ ဂြိုဟ်တုဓာတ်ပုံများကို ရုရှားကြေးစားစစ်သားအဖွဲ့ Wagner ဆီသို့ ပေးပို့ခဲ့သည့် တရုတ်ကုမ္ပဏီတစ်ခုအား အမေရိကန်က အရေးယူမှုပိတ်ဆို့မှုများ ချမှတ်ခဲ့ကြောင်း အမေရိကန်ဘဏ္ဍာရေးဌာနက ထုတ်ပြန်လိုက်သည်။
အမေရိကန် ဘဏ္ဍာရေးဌာနနှင့် နိုင်ငံခြားရေးဌာနတို့သည် Wagner အဖွဲ့အား ဇန်နဝါရီလ ၂၆ ရက်က ပိတ်ဆို့အရေးယူမှုများ ချမှတ်ခဲ့ခြင်းဖြစ်သည်။

"မိမိတို့၏ နိုင်ငံတကာမိတ်ဖက်အဖွဲ့က ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုများနှင့် ပို့ကုန်ထိန်းချုပ်မှုများကို ဆက်လက် ပြုလုပ်နေချိန်တွင် ရုရှားသည် ယူကရိန်းအပေါ် မတရားသောစစ်ပွဲကို ဆက်လက်ဆင်နွှဲရန် ရက်စက်ကြမ်းကြုတ်သည့် Wagner အဖွဲ့မှတစ်ဆင့် လက်နက်နှင့် ထောက်ပံ့မှုများကို အသည်းအသန် ရှာဖွေနေသည်" ဟု ဘဏ္ဍာရေးဝန်ကြီး ဂျနက်ယဲလ်လန်က ပြောကြားခဲ့သည်။

Wagner အဖွဲ့သည် ပူတင်၏ ခရိုနီတစ်ဦးဖြစ်သူ ယဗ်ဂဲနစ် ပရီဂိုရှင် ဦးဆောင်သည့် ရုရှားပုဂ္ဂလိက စစ်ဘက်ဆိုင်ရာ ကုမ္ပဏီတစ်ခုဖြစ်ပြီး အမေရိကန် ပိတ်ဆို့အရေးယူမှု အများအပြား၏ ပစ်မှတ်ထားခံရသည့်အဖွဲ့တစ်ခု ဖြစ်သည်။
Wagner အဖွဲ့သည် ပူတင်၏ ယူကရိန်းစစ်ပွဲကို ပံ့ပိုးကူညီရန် ကမ္ဘာတစ်ဝန်းရှိ ရုရှားကျောထောက်နောက်ခံ ပေးထားသည့် စစ်ဆင်ရေးများတွင် ပါဝင်လျက်ရှိသည်။ ရုရှားစစ်တပ်သည် စစ်မြေပြင်တွင် ရုန်းကန်နေရသဖြင့် ပူတင်သည် ကျူးကျော်စစ်ကို ဆက်လက်ဆင်နွှဲရန် Wagner အဖွဲ့အား အားကိုးအားထားပြုလာရသည်။

Wagner အပေါ် ယနေ့တိုးမြှင့်ချမှတ်ခဲ့သည့် ပိတ်ဆို့ အရေးယူမှုများအပြင် ရုရှား၏ စစ်ရေးဆောင်ရွက်မှုများကို ဖော်ဆောင်ပေးနေသည့် ၎င်းတို့၏ မိတ်ဖက်များနှင့် အခြားကုမ္ပဏီများအပေါ် ဒဏ်ခတ်မှုများက စစ်ယန္တရားအား ပူတင်၏ လက်နက်တပ်နိုင်စွမ်းကို ဟန့်တားနိုင်မည်ဟု ဂျနက်ယဲလ်လန်က ပြောသည်။
တရုတ်အခြေစိုက် အဖွဲ့အစည်းတစ်ခုဖြစ်သည့် Changsha Tianyi အာကာသ သိပ္ပနှင့်နည်းပညာ သုတေသနအဖွဲ့ ကုမ္ပဏီ (Spacety China) သည် ယူကရိန်းရှိ တည်နေရာများကို ရိုက်ကူးထားသည့် ရေဒါဂြိုဟ်တုပုံရိပ်များကို ရုရှားအခြေစိုက်နည်းပညာကုမ္ပဏီ Terra Tech ထံ ပေးပို့လျက်ရှိကြောင်း ဘဏ္ဍာရေးဌာနက ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ယူကရိန်းတွင် Wagner ကြေးစားစစ်အဖွဲ့၏ စစ်ဆင်ရေးများကို ဆောင်ရွက်နိုင်ရန် ထိုဓာတ်ပုံများကို ရရယူခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် နိုင်ငံရပ်ခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးရုံး (OFAC) သည် Spacety China ၏ လူဇင်ဘတ်နိုင်ငံအခြေစိုက် ကုမ္ပဏီခွဲဖြစ်သည့် Spacety Luxembourg ကိုလည်း အရေးယူခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly