အမေရိကန်ပိုင်နက်အပေါ် တရုတ်မိုးပျံပူပေါင်းဖြတ်သန်းမှုကြောင့် သံတမန်ရေး အဆင်ပြေမည့် မျှော်လင့်ချက်များ ပျက်ပြား

By Reuters
08 February 2023
အမေရိကန်ပိုင်နက်အပေါ် တရုတ်မိုးပျံပူပေါင်းဖြတ်သန်းမှုကြောင့် သံတမန်ရေး အဆင်ပြေမည့် မျှော်လင့်ချက်များ ပျက်ပြား

အမေရိကန်ဝေဟင်တွင် လွင့်မျောနေခဲ့သော သံသယဖြစ်ဖွယ် တရုတ်သူလျှိုမိုးပျံပူပေါင်းနှင့်ပတ်သက်သော နိုင်ငံရေးဂယက်ရိုက်ခတ်မှုက အမေရိကန်ထိပ်တန်းသံတမန်တစ်ဦး၏ စီစဉ်ပြီးသား တရုတ်ခရီးစဉ်ကို လွဲချော်စေရုံသာမကဘဲ အဖုအထစ်များပြားလာသော ဆက်ဆံရေးအား တည်ငြိမ်စေရန်လုပ်ဆောင်နေသည့် နှစ်နိုင်ငံစလုံး၏ ကြိုးပမ်းမှုများကို ပျက်ပြားစေနိုင်ကြောင်း ခြိမ်းခြောက်လျက်ရှိသည်။

အချိန်ကိုက်မဟုတ်သည့် သူလျှိုလုပ်ရပ်အပေါ် အမေရိကန်၏ တုံ့ပြန်မှုကြောင့် သမိုင်းဝင်လုနီးပါး ဆိုးရွားနေသည့် နှစ်နိုင်ငံဆက်ဆံရေးကို ပြန်လည်တည်ငြိမ်ရန် လုပ်ဆောင်နေသော ကြိုးပမ်းမှုအတွက် ရေရှည်အကျိုးဆက်များ ဖြစ်ပေါ်လာစေနိုင်သည်။ အမေရိကန်၏ အချုပ်အခြာအာဏာအပေါ် လက်ခံနိုင်ဖွယ်မရှိသည့် ချိုးဖောက်မှုဟု တာဝန်ရှိသူများက ပြောဆိုနေသည့် အဆိုပါလုပ်ရပ်အတွက် တရုတ်နိုင်ငံအား တာဝန်ခံခိုင်းရန် ဒီမိုကရက်တစ်သမ္မတဂျိုးဘိုင်ဒင်ကို အမေရိကန်လွှတ်တော်အမတ်အချို့က တောင်းဆိုနေကြသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်သည် ဖေဖော်ဝါရီလ ၃  ရက်နေ့တွင် စတင်မည့် တရုတ်ခရီးစဉ်ကို ရွှေ့ဆိုင်းထားကာ အခြေအနေပေးပါက တရုတ်သို့ သွားရောက်ရန် ပြင်ဆင်ထားမည်ဟု ပြောကြားခဲ့သော်လည်း တရုတ်က ကြည်ဖြူသောအမူအရာမပြပါက အလျင်စလိုသွားရန် ဖြစ်နိုင်ဖွယ်မရှိကြောင်း မူဝါဒရေးရာ  လေ့လာဆန်းစစ်သူများက ဆိုသည်။

သမ္မတဟောင်းဘားရက်အိုဘားမားလက်ထက်မှ အာရှရေးရာ အမေရိကန် ထိပ်တန်းသံတမန် ဒန်နီရယ်ရပ်ဆဲလ်က အဆိုပါယာဉ်သည် မိုးလေဝသပူပေါင်းသာဖြစ်သည်ဟူသော တရုတ်၏ အကြောင်းပြချက်သည် ရယ်စရာကောင်းပြီး  ထိုသို့သောဆင်ခြေက အလုပ်မဖြစ်ကြောင်း ပြောကြားခဲ့သည်။
မဟာအင်အားကြီးနိုင်ငံများအကြား ဆက်ဆံရေးသည် လွန်ခဲ့သည့်နှစ်အနည်းငယ်အတွင်း ဆိုးရွားလာခဲ့ပြီး ပြီးခဲ့သော ဩဂုတ်လတွင် အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီက ထိုင်ဝမ်သို့ သွားရောက်လိုက်သည့်အခါ အဆိုးဆုံးအခြေအနေသို့ ရောက်ရှိသွားခဲ့ပြီး တရုတ်က မိမိအပိုင်ဖြစ်ကြောင်း ပြောဆိုထားသည့် ထိုင်ဝမ်ကျွန်းအနီး စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်လာခဲ့သည်။ 

ထိုအချိန်မှစ၍ ဘိုင်ဒင်အစိုးရက နှစ်နိုင်ငံဆက်ဆံရေးအတွက် နှစ်ဖက်လက်ခံနိုင်သည့် အခြေအနေတည်ဆောက်ရန်နှင့် ပြိုင်ဆိုင်မှုများမှသည် ပဋိပက္ခအဖြစ်သို့ ပြောင်းမသွားရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
သို့သော် အောက်လွှတ်တော်ကို ထိန်းချုပ်ထားသည့် ရီပတ်ဘလစ်ကန်များသည် အမေရိကန်၏ ထိပ်တန်းပထဝီဝင်နိုင်ငံရေးပြိုင်ဘက် တရုတ်ထံမှ ဖြစ်ပေါ်လာနိုင်သည့် ခြိမ်းခြောက်မှုများကို စုံစမ်းစစ်ဆေးရန် နည်းလမ်းများကို ရှာဖွေနေပြီဖြစ်ပြီး အမေရိကန်လေပိုင်နက်အတွင်းသို့ မိုးပျံပူပေါင်း ဝင်ရောက်လာပုံကို မေးခွန်းထုတ်ကာ ဘိုင်ဒင်အား ဖိအားပေးလျက်ရှိသည်။

တရုတ်သည် မိုးပျံပူပေါင်းကိစ္စအပေါ် စိတ်ပျက်လျက်ရှိသည်။ အရပ်ဘက်ဆိုင်ရာ မိုးလေဝသနှင့် အခြားသော သိပ္ပံဆိုင်ရာ ရည်ရွယ်ချက်များအတွက် အသုံးပြုသည့် လေသင်္ဘောသည် အမေရိကန်သို့ လမ်းမှား ဝင်ရောက်ခဲ့ခြင်းအတွက် စိတ်မကောင်းကြောင်း တရုတ်အစိုးရက ထုတ်ဖော်ပြောကြားခဲ့သည်။ သို့သော် တရုတ်ပြည်တွင်းမှ ဝေဖန်သူအချို့က အမေရိကန်၏ တုံ့ပြန်မှုအပေါ် ပြစ်တင်ရှုံ့ချကြသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly