တရုတ်ထောက်လှမ်းရေးမိုးပျံပူပေါင်းက အမေရိကန်၏ တန်ပြန်ထောက်လှမ်းစောင့်ကြည့်နိုင်စွမ်းကို စမ်းသပ်ရန် ရည်ရွယ်ကြောင်း လေ့လာဆန်းစစ်သူများပြောကြား

By ANI 
08 February 2023
တရုတ်ထောက်လှမ်းရေးမိုးပျံပူပေါင်းက အမေရိကန်၏ တန်ပြန်ထောက်လှမ်းစောင့်ကြည့်နိုင်စွမ်းကို စမ်းသပ်ရန် ရည်ရွယ်ကြောင်း လေ့လာဆန်းစစ်သူများပြောကြား

တောင်ကာရိုလိုင်းနားကမ်းရိုးတန်းတွင် အမေရိကန်တိုက်လေယာဉ်က ပစ်ချခဲ့သည့် တရုတ်၏ အမြင့်ပျံ ထောက်လှမ်းရေးမိုးပျံပူပေါင်းသည် အမေရိကန်၏ တန်ပြန်စောင့်ကြည့်ထောက်လှမ်းရေး စွမ်းရည်ကို စမ်းသပ်ရန် ရည်ရွယ်ခဲ့ကြောင်း ၎င်းအခြေအနေနှင့် နီးစပ်သည့် ကျွမ်းကျင်သူများက ပြောကြားခဲ့သည်ဟု Nikkei Asia သတင်းတွင် ဖော်ပြထားသည်။

အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က အမေရိကန် တိုက်လေယာဉ်သည် ၎င်းလေပိုင်နက် အတွင်းရှိ တောင်ကာရိုလိုင်းနား ကမ်းရိုးလွန်ရေပြင်ထက်တွင် လွင့်မျောနေသော အမြင့်ပျံ တရုတ်ထောက်လှမ်းရေးမိုးပျံပူပေါင်းကို အောင်မြင်စွာ ပစ်ချနိုင်ခဲ့ကြောင်း ဖေဖော်ဝါရီလ ၄ ရက်(ဒေသစံတော်ချိန်)က ထုတ်ပြန်ခဲ့သည်။ အမေရိကန်အလယ်ပိုင်းကို ဖြတ်သွားနေသည့်  အဆိုပါ မိုးပျံပူဖောင်းအား မွန်တားနားပြည်နယ် ကောင်းကင်ယံ၌ ယခုသီတင်းပတ် အစောပိုင်းက ပထမဆုံး တွေ့ရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါမိုးပျံပူပေါင်းသည် စစ်ဘက်ဆိုင်ရာနေရာများကို လေ့လာစောင့်ကြည့်ရန် သို့မဟုတ် အမေရိကန်၏ ကိုယ်ပိုင်စောင့်ကြည့်ထောက်လှမ်းရေးစွမ်းရည်ကို စမ်းသပ်ရန် ရည်ရွယ်ကြောင်း ရိုင်ယို နာကာမူရာက Nikkei Asia သတင်းတွင် ရေးသားခဲ့သည်။

“တရုတ်က အမေရိကန်ရဲ့ တန်ပြန်စောင့်ကြည့်ထောက်လှမ်းရေးစွမ်းရည်ကို စမ်းသပ်ဖို့ ဒီမိုးပျံပူပေါင်းကိုလွှတ်လိုက်တာ ဖြစ်နိုင်ပါတယ်” ဟု အမေရိကန်ကာကွယ်ရေးဝန်ကြီးရုံးမှ တရုတ်ရေးရာ ဌာနေဒါရိုက်တာဟောင်းလည်းဖြစ် အာရှလူ့အဖွဲ့အစည်းမူဝါဒရေးရာကျောင်း၏ တရုတ်လေ့လာဆန်းစစ်ရေးဌာနမှ အကြီးတန်းပညာရှင်လည်းဖြစ်သည့် လိုင်လီမောရစ်က ပြောကြားခဲ့သည်။ 
ထိုတရုတ်သူလျှိုမိုးပျံပူပေါင်းကို နိုင်ငံပိုင်ကုမ္ပဏီတစ်ခုမှ ထုတ်လုပ်ထားခြင်းဖြစ်ကြောင်း ဆောင်းပါးရှင် ဂျနီဖာဇန်က Inconvenient Truths တွင် ရေးသားထားသည်။

တရုတ်သူလျှိုမိုးပျံပူပေါင်းများကို ထုတ်လုပ်သည့် တရုတ်မှ Zhuzhou Rubber Research & Design Institute Co Ltd သည် လက်နက်ထုတ်လုပ်ခွင့်လိုင်စင်ရှိသည့် အစိုးရပိုင် စစ်ဘက်ဆိုင်ရာ သုတေသနဌာနတစ်ခုဖြစ်သည်။

ဟဒ်ဆန်တက္ကသိုလ်မှ အာရှ-ပစိဖိတ် လုံခြုံရေးဆိုင်ရာ ဥက္ကဋ္ဌ ပက်ထရစ်ခရိုနင်က "သေချာပေါက်မြင်တွေ့နိုင်တဲ့ မိုးပျံပူဖောင်းကို အသုံးပြုတာဟာ အတင့်ရဲလွန်းပါတယ်။ တရုတ်ဂြိုဟ်တုတွေက အမေရိကန် တိုက်ချင်းပစ် ဒုံးကျည်တည်နေရာတွေနဲ့ အခြား ဗျူဟာမြောက် အခြေစိုက်စခန်းတွေကို အဆက်မပြတ် စောင့်ကြည့်နေတော့ မိုးပျံပူပေါင်း မလိုအပ်ဘူးလို့ ယူဆပါတယ်" ဟု ၎င်း၏ အမြင်ကို ပြောကြားခဲ့သည်။

“အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ တွေ့ဆုံဖို့ရှိနေချိန်မှာ တင်းမာမှုတွေ ထိန်းမနိုင်သိမ်းမရ ဖြစ်မလာခင် အမေရိကန်ရဲ့ ထိုင်ဝမ်အပေါ် ထောက်ပံ့မှုတွေကို ရပ်တန့်ဖို့နဲ့ အာရှမှာ ကာကွယ်ရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းမှုတွေ ဆက်လုပ်ဖို့ဆိုတဲ့ သတင်းစကားပါးချင်တဲ့အတွက် အမေရိကန်ရဲ့ အာရုံစိုက်မှုရဖို့ တရုတ်က စိတ်ဓာတ်စစ်ဆင်ရေးလုပ်တယ်လို့ ယူဆမိပါတယ်” ဟု ပက်ထရစ်ခရိုနင်က ဘလင်ကန်၏ခရီးစဉ် မရွှေ့ဆိုင်းခင် ပြောကြားခဲ့သည်။

အလားတူ မိုးပျံပူပေါင်းဖြစ်ရပ်မျိုးကို လွန်ခဲ့သည့် နှစ်ပေါင်းများစွာကတည်းက တွေ့ရှိခဲ့သော်လည်း လူသိရှင်ကြား ထုတ်ဖော်ခဲ့ခြင်း မရှိကြောင်း ဖေဖော်ဝါရီလ ၂ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အမေရိကန်အကြီးတန်း အရာရှိတစ်ဦးက ပြောသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly