အမေရိကန်လေပိုင်နက်အတွင်း တရုတ်ထောက်လှမ်းရေးမိုးပျံပူပေါင်း တွေ့ရှိပြီးနောက်  နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်သွားမည့်  ခရီးစဉ် ရွှေ့ဆိုင်း

By ANI
08 February 2023
အမေရိကန်လေပိုင်နက်အတွင်း တရုတ်ထောက်လှမ်းရေးမိုးပျံပူပေါင်း တွေ့ရှိပြီးနောက်  နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်သွားမည့်  ခရီးစဉ် ရွှေ့ဆိုင်း

အမေရိကန်ဝေဟင်ပိုက်နက်အတွင်း ပျံဝဲနေသည့် တရုတ်သူလျှိုမိုးပျံပူပေါင်းကို ပင်တဂွန်က တွေ့ရှိခဲ့ပြီးနောက် တုံ့ပြန်သည့်အနေဖြင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်၏ ပထမဆုံး တရားဝင် တရုတ်ခရီးစဉ်ကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ဖေဖော်ဝါရီလ ၃ ရက်တွင် ရွှေ့ဆိုင်းလိုက်ကြောင်း အမေရိကန်အရာရှိတစ်ဦးက ပြောကြားခဲ့သည်ဟု Washington Post သတင်းတွင် ဖော်ပြထားသည်။

ဘလင်ကန် တရုတ်သို့ မထွက်ခွာမီ နာရီပိုင်းအလိုတွင် အမေရိကန်သမ္မတ၏ ဆုံးဖြတ်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ ဘိုင်ဒင်အစိုးရအဖွဲ့က အဆိုပါ မိုးပျံပူပေါင်းကိစ္စအပေါ် အလေးအနက်ထားကြောင်းကို ခရီးစဉ်ကို ရွှေ့ဆိုင်းလိုက်ခြင်းအား ကြည့်ခြင်းဖြင့် သိနိုင်သည်။ 

အရပ်ဘက်လေကြောင်းလိုင်းများ ပျံသန်းရာ လမ်းကြောင်းပေါ်တွင် ပြီးခဲ့သည့်ရက်ပိုင်းက ရွေ့လျားနေသည့် တရုတ်ထောက်လှမ်းရေးမိုးပျံပူပေါင်းကို အမေရိကန်အစိုးရက စောင့်ကြည့်နေကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၂ ရက်က ထုတ်ပြန်ခဲ့သည်။

“ယခုကဲ့သို မိုးပျံပူပေါင်းများ အမေရိကန်ပြည်ထောင်စုကို ဖြတ်ကျော်ခြင်းသည် ပထမဆုံးအကြိမ် မဟုတ်ကြောင်း၊ ယခင်အစိုးရလက်ထက်အပါအဝင် ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်း အခြားသော မိုးပျံပူပေါင်းအချို့ကိုလည်း တွေ့ခဲ့ရသည်” ဟု အမေရိကန်အကြီးတန်း ကာကွယ်ရေးအရာရှိတစ်ဦးက ပြောကြားခဲ့သည်။
အဆိုပါ မိုးပျံပူးပေါင်းသည် တရုတ်နိုင်ငံမှဖြစ်သည်ဟု ကာကွယ်ရေးဝန်ကြီးဌာနက အခိုင်အမာ ပြောကြားခဲ့သည်။

အမေရိကန်လေပိုင်နက်အတွင်းသို့ တရုတ်၏ မောင်းသူမဲ့လေသင်္ဘောတစ်စင်း မရည်ရွယ်ဘဲ ဝင်ရောက်ခဲ့မှုနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေးဌာနက ဖော်ဖော်ဝါရီလ ၃ ရက်က ထုတ်ပြန်သည့် ကြေညာချက်တွင် “အဆိုပါ လေသင်္ဘောသည် တရုတ်နိုင်ငံမှဖြစ်ပြီး အဓိကအားဖြင့် မိုးလေဝသဆိုင်ရာ သုတေသန ရည်ရွယ်ချက်များအတွက် အသုံးပြုသော အရပ်ဘက်သုံး လေသင်္ဘောဖြစ်ကြောင်း၊ ကောင်းကင်လေ တိုက်ခတ်မှုနှင့် ထိန်းချုပ်နိုင်စွမ်း အားနည်းချက်များကြောင့် အဆိုပါလေသင်္ဘောသည် မူလလမ်းကြောင်းပြောင်းသွားခဲ့ခြင်း ဖြစ်သည်” ဟု ဖော်ပြထားသည်။

အဆိုပါလေသင်္ဘောသည် အမေရိကန်လေပိုင်နက်အတွင်းသို့ မရည်ရွယ်ဘဲ ဝင်ရောက်ခဲ့ခြင်းအတွက် တရုတ်နိုင်ငံက စိတ်မကောင်းဖြစ်ရကြောင်းနှင့် တရုတ်သည် အမေရိကန်နှင့်ဆက်သွယ်ကာ မမျှော်လင့်သော ဖြစ်ရပ်အတွက် ဖြေရှင်းပေးသွားမည်ဟု ပြောကြားခဲ့သည်။ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly