တရုတ်ကို ရင်ဆိုင်ရန် ထိုင်ဝမ်အနေဖြင့် ကိုယ်တိုင် ရပ်တည်ရမည်ဟု အဝေးရောက် တိဗက်ပါလီမန်အဖွဲ့ဝင်ဟောင်း ပြော

By ANI
07 February 2023
တရုတ်ကို ရင်ဆိုင်ရန် ထိုင်ဝမ်အနေဖြင့် ကိုယ်တိုင် ရပ်တည်ရမည်ဟု အဝေးရောက် တိဗက်ပါလီမန်အဖွဲ့ဝင်ဟောင်း ပြော

ထိုင်ဝမ်သည် တရုတ်နိုင်ငံ၏ အာဏာရှင်ဆန်သော ခြိမ်းခြောက်မှုများကို ခုခံကာကွယ်ရန်   ကိုယ်တိုင် ကြံ့ကြံ့ခံ ရပ်တည်ရမည်ဟု အဝေးရောက် တိဗက်ပါလီမန်အမတ်ဟောင်း ခက်ရုဘ်သွန်ဒပ်က ပြောကြားသည်။

သွန်ဒပ်က တိဗက်နှင့်ဟောင်ကောင်အပေါ် တရုတ်ဖိနှိပ်မှုများကို သတိပေးခဲ့ပြီး တရုတ်က ထိုင်ဝမ်ကို ခွဲထွက်ပြည်နယ်တစ်ခုအဖြစ် သတ်မှတ်ထားကာ လိုအပ်ပါက အင်အားသုံး၍ ပြန်လည်သိမ်းယူမည်ဟု ဆုံးဖြတ်ထားသောကြောင့် တရုတ်၏ အကြံအစည်များမှ ခုခံကာကွယ်နိုင်ရန် အကြံပြုခဲ့သည်။

“တိဗက်မှာ စတင်ခဲ့ပြီး ဟောင်ကောင်မှာ မအောင်မြင်ခဲ့တဲ့ တစ်နိုင်ငံ စနစ်နှစ်မျိုးဟာ ပေါ်လာလိုက် ပျောက်သွားလိုက်ပါပဲ။ အခု တရုတ်နိုင်ငံအတွက်က ရက်စက်တဲ့အင်အားကို သုံးဖို့ပဲရှိတော့တယ်။ တိဗက်ကို ဖိနှိပ်တယ် နောက် ဟောင်ကောင်ကို နှိမ်နင်းတယ်။ အခု ထိုင်ဝမ်အပေါ်  အဓမ္မနည်းဗျူဟာတွေ သုံးနေပါပြီ။  ထိုင်ဝမ်ဒီမိုကရေစီရှင်သန်နေမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ဒါပေမယ့် ထိုင်ဝမ်အနနဲ့ အရင်ဆုံး မိမိဘာသာ ရပ်တည်ဖို့ ကြိုးစားရမယ်” ဟု သွန်ဒပ်က ပြောသည်။
သွန်ဒပ်သည် တရုတ်အမျိုးသားရေးပါတီ (KMT) နှင့် တွေ့ဆုံဆွေးနွေးမှုစတင်ရန် ၁၉၈၅ ခုနှစ်က  ဘုန်းတော်ကြီး ဒလိုင်းလားမားကိုယ်စား  ထိုင်ဝမ်သို့ ပထမဆုံးသွားရောက်ခဲ့သည်။ 

“ကျွန်တော်က တာဝန်ရှိသူတွေနဲ့ ၃ ရက်ကြာ ဆွေးနွေးခဲ့ပြီး တိဗက်လူမျိုးတွေရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို တရုတ်နိုင်ငံက အသိအမှတ်ပြုတဲ့ သဘောတူညီချက်ကို လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်” ဟု ၎င်းက ဆိုသည်။
သွန်ဒပ်သည် ဒီမိုကရက်တစ်တိုးတက်ရေးပါတီ (DPP) ကို သဘောကျသော်လည်း ပါတီသည် တရုတ်နိုင်ငံ၏ ရက်စက်ကြမ်းကြုတ်သော နည်းဗျူဟာများနှင့် ထိုင်ဝမ်ကို မည်သို့ကာကွယ်ရမည်ကို မသိရှိကြောင်း ပြောကြားခဲ့သည်။

“ကျွန်တော်သတိထားမိတဲ့ စိတ်အနှောင့်အယှက်ဖြစ်စရာ တစ်ခုကတော့ အမျိုးသားရေး လက္ခဏာပါပဲ။ ၁၉၉၀ ပြည့်လွန်နှစ်တွေမှာ ပြည်မကြီးနဲ့ ဒေသခံတွေ ဆိုပြီး နှစ်ဖွဲ့ရှိပါတယ်။ ဒီနေ့ခေတ်မှာတော့ ထိုင်ဝမ်လူငယ်တွေက သူတို့ကိုယ် သူတို့ ထိုင်ဝမ်လူမျိုးလို့ ခွဲခြားသိမြင်လာတယ်” ဟု တိဗက်ခေါင်းဆောင်က ပြောသည်။

“ထိုင်ဝမ်မှာ နှစ်ပေါင်း ၃၀ အတွင်း ဒီမိုကရေစီ ရှင်သန်လာပုံကို ကျွန်တော် လေးစားမိပါတယ်။ ဒါပေမယ့် ထိုင်ဝမ်လူမျိုးတွေဟာ တရုတ်ကို ကြံ့ကြံ့ခိုင် ရင်ဆိုင်ရပ်တည်လိုတဲ့ ဆန္ဒ ရှိ မရှိကို သိချင်မိတယ်” ဟု သွန်ဒပ်က  ဆိုသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly