သံသယဖြစ်ဖွယ်   ထောက်လှမ်းရေးမိုးပျံပူပေါင်းအား အမေရိကန်က ပစ်ချမှုအပေါ် တရုတ်က လုံးဝ မကျေနပ်ကြောင်း ထုတ်ဖော်ပြောဆို

By ANI 
07 February 2023
သံသယဖြစ်ဖွယ်   ထောက်လှမ်းရေးမိုးပျံပူပေါင်းအား အမေရိကန်က ပစ်ချမှုအပေါ် တရုတ်က လုံးဝ မကျေနပ်ကြောင်း ထုတ်ဖော်ပြောဆို

တရုတ်က   အရပ်ဘက်သုံးလေသင်္ဘောဟုခေါ်ဆိုနေသော ထောက်လှမ်းရေးမိုးပျံပူပေါင်းအား အမေရိကန်က ပစ်ချခဲ့မှုအပေါ် တရုတ်အစိုးရက လုံးဝမကျေနပ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်ဟု Global Times သတင်းတွင် ဖော်ပြထားသည်။

သံသယဖြစ်ဖွယ် တရုတ်ထောက်လှမ်းရေးမိုးပျံပူပေါင်းကို အမေရိကန် တိုက်လေယာဉ်က ဖေဖော်ဝါရီလ ၄ ရက်တွင် ပစ်ချခဲ့ပြီးနောက် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ယခုကဲ့သို့ တုံ့ပြန်လိုက်ခြင်းဖြစ်သည်။
အမေရိကန်အနေဖြင့် အဆိုပါ ဖြစ်ရပ်ကို တည်ငြိမ်ရင့်ကျက်စွာ ကိုင်တွယ်ရန်     တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက လိုလားကြောင်း Global Times သတင်းတွင် ဖော်ပြထားသည်။ အမေရိကန်တွင် တွေ့ခဲ့ရသော မောင်းသူမဲ့ လေသင်္ဘောသည် မူလ လမ်းကြောင်းပြောင်းသွားသည့် တရုတ်နိုင်ငံမှ အရပ်ဘက်သုံး လေသင်္ဘောတစ်စီးဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၃ ရက်က ရှင်းလင်းချက်ပေးခဲ့သည်။

ယခုကဲ့သို့ ပစ်ခတ်မှုကြောင့် မထင်မှတ်ဘဲ ဖြစ်ပေါ်ခဲ့သော  အခြေအနေကို ကိုင်တွယ်ဖြေရှင်းရန် တရုတ်နိုင်ငံ သည် အမေရိကန်နှင့် ဆက်သွယ်ဆောင်ရွက်သွားမည်ဟု  တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ 
အဆိုပါ မိုးပျံပူပေါင်းအား ယခုသီတင်းပတ်အစောပိုင်းတွင် မွန်တားနားပြည်နယ် ကောင်းကင်ယံ၌ ပထမဆုံး တွေ့ရှိခဲ့ကြောင်း CNN သတင်းတွင် ဖော်ပြခဲ့သည်။

တရုတ်သူလျှိုမိုးပျံပူပေါင်းကို အမြန်ဆုံးပစ်ချရန် ပင်တဂွန်ကို အမိန့်ပေးခဲ့ကြောင်းနှင့် အောင်မြင်စွာ ပစ်ချနိုင်ခဲ့ကြောင်း မေရီလန်းတွင် သတင်းထောက်များနှင့်တွေ့ဆုံစဉ် သမ္မတ ဂျိုးဘိုင်ဒင်က ပြောကြားခဲ့သည်။
ထို့ပြင် အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က ဖေဖော်ဝါရီလ ၄ ရက် (ဒေသစံတော်ချိန်) တွင် အမေရိကန် မြောက်ပိုင်းကွပ်ကဲရေးဌာနချုပ်မှ တိုက်လေယာဉ်တစ်စီးက အမေရိကန်နိုင်ငံ တောင်ကာရိုလိုင်းနား ကမ်းလွန်ရေပြင်ထက် အမေရိကန်လေပိုင်နက်တွင် တရုတ်နိုင်ငံပိုင် အမြင့်ပျံ ထောက်လှမ်းရေးမိုးပျံပူပေါင်းကို အောင်မြင်စွာ ပစ်ချနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

 

ထို့ပြင် မြေပြင်ထက်တွင် မိုးပျံပူဖောင်းကို ပစ်ချလျှင် နေရာအတော်များများမှ လူများကို မလိုလားအပ်သည့် အန္တရာယ်ကျရောက်နိုင်သည်ဟု အမေရိကန် စစ်ဘက်ခေါင်းဆောင်များက ဆုံးဖြတ်ခဲ့ကြောင်းနှင့် အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနသည် မိုးပျံပူပေါင်း၏ လမ်းကြောင်းနှင့် ထောက်လှမ်းရေးဆောင်ရွက်ချက်များကို အနီးကပ် စောင့်ကြည့်ကာ အမေရိကန် ရေပိုင်နက်အတွင်း မိုးပျံပူဖောင်းအား ဘေးကင်းစွာ ပစ်ချရန် ရွေးချယ်ခဲ့ကြောင်း လွိုက်အော်စတင်က ပြောကြားခဲ့သည်။

ယခုလုပ်ဆောင်ချက်ကို ကနေဒါအစိုးရ၏ အပြည့်အဝ ပံ့ပိုးကူညီမှုဖြင့် ညှိနှိုင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly