ဂျီနီဗာ၊ မတ် ၁၅ ။ ။ ကမ္ဘာတွင် သေဆုံးမှုအားလုံး၏ လေးပုံတစ်ပုံနီးပါးမှာ လေထု၊ ရေထုနှင့် မြေဆီလွှာညစ်ညမ်းမှုကဲ့သို့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အချက်အလက်များကြောင့်အပြင် အန္တရာယ်ရှိလမ်းများနှင့် လုပ်ငန်းခွင်ဖိစီးမှုများကြောင့် ဖြစ်သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က မတ် ၁၅တွင် ထုတ်ပြန်သည်။
၂၀၁၂ ခုနှစ်က ခန့်မှန်းခြေလူ ၁၂ ဒသမ ၆ သန်းခန့်မှာ ကျန်းမာရေးနှင့် မညီညွတ်သည့် ပတ်ဝန်းကျင်များတွင် နေထိုင်၊ အလုပ်လုပ်ရခြင်းကြောင့် သေဆုံးခဲ့ပြီး ကမ္ဘာတစ်ဝန်း သေဆုံးမှုအားလုံး၏ ၂၃ ရာခိုင်နှုန်းရှိသည်ဟု လေ့လာမှုအသစ်က ဆိုသည်။
"နိုင်ငံတွေအနေနဲ့ လူတွေနေထိုင်လုပ်ကိုင်တဲ့ ပတ်ဝန်းကျင်ကို ကျန်းမာရေးနဲ့ ညီညွတ်တဲ့နေရာဖြစ်အောင် အရေးယူဆောင်ရွက်မှုမရှိဘူးဆိုရင် သန်းပေါင်းများစွာရှိတဲ့ လူတွေဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ မကျန်းမမာဖြစ်ပြီး သေနေဦးမှာပဲ"ဟု WHO အကြီးအကဲ မာဂရက်ချန်က သတိပေးသည်။
ပတ်ဝန်းကျင်ညစ်ညမ်းမှု၊ ဓါတုပစ္စည်းများနှင့် ထိတွေ့မှု၊ ရာသီဥတုပြောင်းလဲမှု၊ ခရမ်းလွန်ရောင်ခြည်ဖြာထွက်မှုအပြင် သေနတ်များရရှိနိုင်မှုနှင့် ရောဂါ ၁၀၀ကျော်နှင့် ဒဏ်ရာများရရှိမှုတို့ကြား ရှည်ကြာသည့် ဆက်စပ်မှုအရ ပတ်ဝန်းကျင်အခြေအနေကြောင့် ဖြစ်ရသည့်အကြောင်းရင်းများကို ကျယ်ကျယ်ပြန့်ပြန့် တွေ့ရှိခဲ့သည်ဆိုသည်။
လူ ၈ဒသမ၂သန်းအထိ သေဆုံးရမှုမှာ ဆေးလိပ်ငွေ့ရှူမှုအပါအဝင် လေထုညစ်ညမ်းမှုကြောင့် ဆိုနိုင်သည်။ ယင်းတို့ကြောင့် နှလုံးရောဂါ၊ ကင်ဆာနှင့် နာတာရှည် အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါတို့ ဖြစ်စေသည်ဟု အစီရင်ခံစာက ဖော်ပြသည်။ ပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းတရားများကြောင့် သေဆုံးမှုများအနက် ၁ဒသမ၇သန်းမှာ လမ်းမတော်တဆမှုများအပါအဝင် မရည်ရွယ်ဘဲရရှိသည့် ဒဏ်ရာများကြောင့် ဖြစ်သည်ဆိုသည်။