အစိုးရများအနေဖြင့် တရုတ်နှင့်  ပုံမှန်အတိုင်း စီးပွားရေးဆက်လုပ်နေပါက ထိခိုက်မှုရှိနိုင်ကြောင်း ဝီဂါလူ့အခွင့်အရေးအဖွဲ့ ပြောကြား

By ANI
06 February 2023
အစိုးရများအနေဖြင့် တရုတ်နှင့်  ပုံမှန်အတိုင်း စီးပွားရေးဆက်လုပ်နေပါက ထိခိုက်မှုရှိနိုင်ကြောင်း ဝီဂါလူ့အခွင့်အရေးအဖွဲ့ ပြောကြား

တရုတ်အစိုးရ၏ ရက်စက်ယုတ်မာမှုများကို ရင်ဆိုင်နေရသည်မှာ ဝီဂါလူမျိုးများနှင့် မိသားစုများတင်မကဘဲ အစိုးရများနှင့် အဖွဲ့အစည်းများသည် တရုတ်အစိုးရနှင့် ပုံမှန်အတိုင်း စီးပွားရေး ဆက်လက်လုပ်ဆောင်ပါက လူမှုဆက်ဆံရေးတွင် အန္တရာယ်ရှိလာနိုင်ကြောင်း ဝီဂါလူ့အခွင့်အရေးစီမံကိန်း (UHRP) မှ အမှုဆောင်ဒါရိုက်တာ အိုမာ ခန်းနက်က The Diplomat မဂ္ဂဇင်းတွင် ရေးသားထားသည်။

ကမ္ဘာ့လူ့အခွင့်အရေးကို ထောက်ခံအားပေးကာ ဝီဂါ ပြည်သူများကို ကာကွယ်ရာတွင်  အလားတူအဖြစ်မျိုး ထပ်မဖြစ်စေရေး တောင်းဆိုပေးကြသော ဂျူးအသိုက်အဝန်းနှင့် တခြားသူများကို ကျေးဇူးတင်ကြောင်း ကိုယ်တိုင် ဝီဂါတစ်ဦးဖြစ်သည့် ခန်းနက်က ပြောကြားခဲ့သည်။
တရုတ်သည် ဝီဂါ၏ ကိုယ်ပိုင်လက္ခဏာကို ဖျောက်ဖျက်ရန်လည်း ကြိုးပမ်းအားထုတ်နေကြောင်း ခန်းနက်က ဆိုသည်။

ဝီဂါများကို လူများစုဖြစ်သည့် ဟန်လူမျိုးယဉ်ကျေးမှုနှင့် လုံးလုံးလျားလျား ပေါင်းစည်းသွားစေရန် ရည်ရွယ်လျက် တရုတ်အစိုးရက ဝီဂါအမျိုးသမီးများအား တခြားတိုင်းရင်းသားများနှင့် အတင်းအဓမ္မ လက်ထပ်ထိမ်းမြားပေးသည့် သက်သေအထောက်အထားများကို UHRP က ၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင် ထုတ်ပြန်ခဲ့သည်။

တရုတ်နိုင်ငံ ရှင်ကျန်းရှိ ဝီဂါစခန်းအများအပြားကို တရားဝင် အကျဉ်းထောင်များအဖြစ် ပြောင်းလဲခဲ့ပြီး အကျဉ်းသားများကို နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့ကြောင်း အမေရိကန်အခြေစိုက် The Diplomat မဂ္ဂဇင်းက မကြာသေးမီက ဖော်ပြခဲ့သည်။

အကျဉ်းသားအများအပြားကို ဝီဂါစခန်းများမှ ရှင်ကျန်းပြည်နယ် သို့မဟုတ် အခြားနေရာများရှိ စက်ရုံများသို့ ပို့ဆောင်ခဲ့သလို တချို့ဆွေမျိုးများမှာ အိမ်ပြန်ရောက်လာသော်လည်း နေအိမ်အကျယ်ချုပ် ကျခံနေရကြောင်း အဝေးရောက်ဝီဂါမိသားစုများက ပြောသည်။  

ဆင်းရဲနွမ်းပါးမှု လျှော့ချရေးလှုပ်ရှားမှု အမည်အောက်၌ တရုတ်သည် သောင်းနှင့်ချီသော ကျေးလက်နေ ဝီဂါများကို ရွာများမှ နှင်ထုတ်ကာ စက်ရုံအလုပ်ရုံများသို့ ပို့၍ အတင်းအကျပ်အလုပ်ခိုင်းခဲ့သည်။

တရုတ်ကွန်မြူနစ်ပါတီ (CCP) သည် ဝီဂါ ဘာသာစကားအသုံးပြုမှုကို ဝေဖန်တားမြစ်ခြင်း၊ အစ္စလာမ်ဘာသာ ထလေ့ထုံးတမ်းများကို ကန့်သတ်ခြင်း၊ ဗလီများ၊ နတ်ကွန်းများနှင့် သုသာန်များကို ဖျက်ဆီးခြင်း၊ ဝီဂါယဉ်ကျေးမှု၏ နှစ်ရှည်လများတည်ရှိလာမှုနှင့် တရုတ်ယဉ်ကျေးမှုနှင့် ကွဲပြားခြားနားပုံကို ငြင်းဆိုရန် သမိုင်းကို ပြင်ဆင်ရေးသားခြင်းနှင့် ပြဋ္ဌာန်းစာအုပ်များမှ တိုင်းရင်းသားစာပေများကို ဖယ်ရှားခြင်းများ လုပ်ဆောင်ခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly