ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်းမကြီး၊ ဘီးလင်း-သထုံလမ်းပိုင်းတွင်စစ်ကောင်စီယာဉ်တန်းတိုက်ခိုက်ခံရပြီး ထိခိုက်မှုများပြားဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပြော

By ဂျူချန်း (မဇ္ဈိမ)
05 February 2023
ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်းမကြီး၊ ဘီးလင်း-သထုံလမ်းပိုင်းတွင်စစ်ကောင်စီယာဉ်တန်းတိုက်ခိုက်ခံရပြီး ထိခိုက်မှုများပြားဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပြော

ဖေဖော်ဝါရီလ ၅ ရက်

ရန်ကုန်-မော်လမြိုင် အဝေးပြေးကားလမ်းမကြီး၊ ဘီးလင်း-သထုံလမ်းပိုင်းတွင် ဖေဖော်ဝါရီ၄ရက် ညနက်ပိုင်းက စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရပြီး စစ်ကောင်စီဘက်ကကားတစ်စီး ပျက်စီးကာ ငါးဦးထက်မနည်း သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ရှစ်စီးအတန်းလိုက် မောင်းနှင်လာသည့် စစ်ကောင်စီယာဉ်တန်းကို သထုံမြို့နယ် ဘိုခမ်းကွင်းနှင့်ဇရပ်ကျွန်းကြား ကမာစိုင်ရွာသစ်အနီးတွင် KNLAတပ်ရင်း(၂)၊တပ်ခွဲ(၃ )ပူးပေါင်းတပ်ဖွဲ့နှင့်အတူ တိုက်ခိုက်ခဲ့ကြောင်း Hawk Revolution Squad-HRS က ယနေ့(ဖေဖော်ဝါရီ ၅ရက်) သတင်းထုတ်ပြန်သည်။

စစ်ကောင်စီယာဉ်တန်းကို ဖေဖော်ဝါရီ ၄ ရက်၊ ည ၉း၁၂နာရီတွင် စတင်တိုက်ခိုက်ခဲ့ခြင်းဟု သိရသည်။

"စစ်ကားက စုစုပေါင်း ရှစ်စီးပါ။ နောက်ဆုံးက သုံးစီးအုပ်စုကို မိုင်းဆွဲတာပါ။ ညဘက်ဆိုတော့ အင်အားကတော့ သေချာပြောမတတ်ဘူးဗျ၊ ဒါပေမယ့် အများအားဖြင့် သူတို့ဘက်က အင်အားများတာမျိုး၊ ဒါမှမဟုတ် အထိနာတာမျိုးဆို ဒီကောင်တွေက သေချာပေါက် ပြန်ပစ်နေကျ၊ ညက ဒီကောင်တွေ လက်နက်ငယ်ရော၊ စက်လက်တွေနဲ့ပါ တော်တော်ကြာကြာပြန်ပစ်တယ်။ နာရီဝက်လောက်ကြာတယ်" ဟု HRS မှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို ပြောသည်။

စစ်ကောင်စီယာဉ်တန်းကို မိုင်းဖြင့်ဖောက်ခွဲတိုက်ခိုက်ပြီးနောက် လက်နက်ငယ်များ၊40mm ဗုံးသီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ နာရီဝက်ခန့် ကြာ

နှစ်ဖက်ရင်ဆိုင်တိုက်ပွဲဖြစ်ခဲ့သည်ဟု သိရသည်။

အဆိုပါပစ်ခတ်မှုအတွင်း စစ်ကောင်စီကားတစ်စီး ပျက်စီးကာ ငါးဦးသေဆုံးခဲ့ပြီး ငါးဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။သေဆုံးခဲ့သည့် စစ်သား ငါးဦး၊ ထိခိုက်ဒဏ်ရာရသူများနှင့် ပျက်စီးသွားသောကားအား စစ်ကောင်စီတပ်မှ ညချင်းတွင်းလာရောက်သယ်ယူသွားခဲ့ပြီး ပြည်သူ့ကာကွယ်ရေးမဟာမိတ်ဘက်မှ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းHRS က ထုတ်ပြန်ထားသည်။

" ည ၉ နာရီကျော်လောက်မှာ ‌ပေါက်ကွဲသံကြားရတယ်။ နောက်တော့ ချက်ချင်းဆိုသလို သေနတ်ပစ်ခတ်သံတွေကြားရတယ်။ တော်တော် ကြာတယ်"ဟု သထုံမြို့ခံတစ်ဦးကပြောသည်။

HRS နှင့် KNLA ပူးပေါင်းတပ်ဖွဲ့သည် ဇန်နဝါရီ ၂၇ရက် ညနေနှင့်ညဘက်တွင် ဘီးလင်းမြို့နယ်၊ဇီးဝန်းကျေးရွာအနီးရှိ စစ်ကောင်စီ၏ အမှတ်(၃၁၄) အမြှောက်တပ်အား ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ထိုတိုက်ခိုက်မှုတွင် စစ်သား ရှစ်ဦး သေဆုံးပြီး ၁၅ဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်း HRS က ထုတ်ပြန်ထားသည်။

Hawk Revolution Squad-HRS အဖွဲ့သည် KNU သထုံခရိုင် တပ်မဟာ(၁) နယ်မြေတွင်း KNLA တပ်ရင်းတပ်ဖွဲ့များနှင့် မိတ်ဖက်တော်လှန်ရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ စစ်ကောင်စီအား တိုက်ခိုက်နေသည့် Drone တပ်ဖွဲ့တစ်ခုဖြစ်ပြီး ဝေဟင်တိုက်ပွဲသာမက မြေပြင်တိုက်ခိုက်မှုများကိုပါ မဟာမိတ်တပ်များနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

စာတည်း - မောင်ကြီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly