MOD လက်အောက်ခံဂန့်ဂေါခရိုင်တပ်ရင်း (၁) ဖမ်းထားသည့် တော်လှန်ရေးရဲဘော် ၄ဦးအမှုအမြန်ဆုံးဖြေရှင်းပေးရန် မိသားစုဝင်များတောင်းဆို

By MTO (မဇ္ဈိမ)
05 February 2023
MOD လက်အောက်ခံဂန့်ဂေါခရိုင်တပ်ရင်း (၁) ဖမ်းထားသည့် တော်လှန်ရေးရဲဘော် ၄ဦးအမှုအမြန်ဆုံးဖြေရှင်းပေးရန် မိသားစုဝင်များတောင်းဆို

ဖေဖော်ဝါရီလ ၅ ရက်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD)လက်အောက်ခံ၊ ဂန့်ဂေါခရိုင်တပ်ရင်း (၁)မှ ဖမ်းဆီးထားသည့် ဆည်ဘောင် ပြောက်ကျားတပ်ဖွဲ့ရဲဘော်လေးဦး၏ အမှုကိစ္စကို အမြန်ဆုံးဖြေရှင်းပေးရန်နှင့်တွေ့ဆုံခွင့်ပေးရန် မိသားစုဝင်များ သတင်းစာရှင်းလင်းပွဲ ပြုလုပ်၍ တောင်းဆိုသည်။

ဂန့်ဂေါမြို့အခြေစိုက် ဆည်ဘောင်ပြောက်ကျားတပ်ဖွဲ့ မှ ရဲဘော်လေးဦး၏ အမှုနှင့်ပတ်သက်၍ မိသားစုဝင်များက ယနေ့(ဖေဖော်ဝါရီ ၄ရက်) တောင်းဆိုလိုက်ခြင်းဖြစ်သည်။

" အမြန်ဆုံး စစ်ဆေးပေးစေချင်ပါတယ်။ စစ်ဆေးပြီးလို့ အပြစ်ရှိတယ်ဆိုရင်လည်း အပြစ်ပေးပေါ့။ အပြစ်မရှိဘူးဆိုရင်လည်း ပြန်လွှတ်ပေးတာမျိုးဖြစ်စေချင်ပါတယ် “ ဟု ဖမ်းဆီးခံထားရသည့် ရဲဘော်တစ်ဦး၏ မိသားစုဝင်တစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဩဂုတ်လ ၁၃ရက်က ဂန့်ဂေါ မြို့နယ် ရွေဘိုကျေးရွာမှ လင်မယားနှစ်ဦးကို စစ်ကောင်စီသတင်းပေးဟုဆိုကာ ဆည်ဘောင်ပြောက်ကျားတပ်ဖွဲ့ မှ ရဲဘော်သုံးဦးက သေနတ်ဖြင့်ပစ်ခတ်ရှင်းလင်းခဲ့သည်ဟု သိရသည်။ ထိုကိစ္စနှင့်ပတ်သက်၍ ဆည်ဘောင်ပြောက်ကျားတပ်ဖွဲ့မှ ရဲဘော်မြွေပွေး၊ ရဲဘော်နေလ၊ရဲဘော်မိုးကြိုးနှင့် ရဲဘော်လရောင်တို့ လေးဦးကိုဂန့်ဂေါခရိုင်တပ်ရင်း (၁)က၂၀၂၂ခုနှစ် ဩဂုတ်လ ၁၄ ရက်နေ့တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းတို့ကို ဖမ်းဆီးထားသည်မှာ ခြောက်လနီးပါးကြာမြင့်နေပြီဖြစ်ပြီး မိသားစုဝင်များအနေဖြင့် လေးလခန့်အကြာတွင် တစ်ကြိမ်သာတွေ့ ခွင့်ရခဲ့သည်ဟု သိရသည်။

“သုံးလကျော်လေးလနီးပါးကြာမြင့်ချိန်မှ ငါးမိနစ်လာက်ပဲတွေ့ ခွင့်ရခဲ့တယ်။ လွတ်လွတ်လပ်လပ်လည်း မရှိခဲ့ဘူး။ သူတို့တွေ ကျန်းမာရေးလည်း မကောင်းကြဘူး။ နောက်ထပ်တွေ့ဆုံခွင့်လည်းမရှိတော့ဘူး။ မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ၊ ဒီကိစ္စကို အမြန်ဆုံးဖြေရှင်းပေးစေချင်တယ် “ ဟု ဖမ်းဆီးခံ ရဲဘော်တစ်ဦး၏မိသားစုဝင်တစ်ဦးက ပြောသည်။

“ တရားရေးအဖွဲ့ ဖွဲ့ပြီး ရှင်းမယ်လို့ ပြောခဲ့ပေမယ့် အခုအချိန်အထိ တရားရုံးလည်း မဖွဲ့ ဘူး။ စစ်ဆေးခြင်းလည်း မရှိဘူး"ဟု ၎င်းက ဆက်ပြောသည်။

ရဲဘော်များအား ထပ်မံတွေ့ဆုံခွင့်ပေးရန် ဂန့်ဂေါ ခရိုင်တပ်ရင်း (၁ )ကို မိသားစုဝင်များက တောင်းဆိုခဲ့သော်လည်း အထက်က ခွင့်ပြုမိန့်ရမှသာ တွေ့ခွင့်ပေးနိုင်မည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်ဟု ရဲဘော်များအရေးလိုက်ပါဆောင်ရွက်ပေးနေသည့် ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - YPDF က တာဝန်ရှိသူတစ်ဦးက ပြောသည်။

၄င်းက “NUG MOD ကိုလည်း ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့ကတည်းက ဖြေရှင်းပေးဖို့ စာနဲ့ တင်ပြတောင်းဆိုထားတာ ယနေ့အချိန်အထိ တစ်စုံတစ်ရာ အကြောင်းပြန်တာမျိုး၊ဖြေရှင်းပေးတာမျိုး မရှိပါဘူး “ ဟု ပြောသည်။

ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - YPDF နှင့် ဆည်ဘောင်ပြောက်ကျားတပ်ဖွဲ့သည် မဟာမိတ်ဖွဲ့ထားသည်ဟု သိရသည်။

ယနေ့ သတင်းစာရှင်းလင်းပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ ၏လူ့အခွင့်အရေး ဆိုင်ရာဝန်ကြီးဌာန မှ တာဝန်ရှိသူတစ်ဦးလည်း တက်ရောက်ခဲ့သည်။ အဆိုပါ ဖြစ်စဉ်ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဖြေရှင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းပြောဆိုသွားသည်ကိုတွေ့ရသည်။ဂန့်ဂေါခရိုင်တပ်ရင်း (၁) တာဝန်ရှိသူများ တက်ရောက်လာသည်ကို မတွေ့ရပေ။

စာတည်း - မောင်ကြီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly