ဖေဖော်ဝါရီလ ၅ ရက်
တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ကဒဲရွာအနီး၌ ဖော်ဝါရီလ ၄ ရက်နေ့ မွန်းလွဲ ၁၂ နာရီဝန်းကျင်တွင် ထားဝယ်ဘက်မှဆင်းလာသည့်ခရီးသည်တင်ကားတစ်စီးကို PRDF အဖွဲ့က တားဆီး စစ်ဆေးရာ စစ်ကောင်စီ၏ ဝါဒဖြန့်စာအုပ်၊ စာစောင်များစစ်ဆေးတွေ့ရှိရသဖြင့် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
“ကျနော်တို့ ခရီးသည်တင်ကားတွေကို စစ်ဆေးနေတဲ့အချိန်မှာ ခရီးသည်တင်ကားတစ်စီးပေါ်မှာ လုံခြုံ ရေးအရသွားမေးမြန်းတာမှာ မသင်္ကာတဲ့အနေအထားဖြစ်နေတာကြောင့် ခရီးသည်တွေကို ကားပေါ်က ဆင်းခိုင်းပြီးစစ်တဲ့အခါမှာ စစ်တပ်ဝါဒဖြန့်စာအုပ်တွေနဲ့ လက်ကမ်းစာစောင်တွေကိုတွေ့ရလို့ သိမ်းဆည်း ပြီး မီးရှို့ဖျက်ဆီးခဲ့တယ်"ဟု PRDF အဖွဲ့ဝင်တစ်ဦးက ပြောသည်။
သိမ်းဆည်းရမိသည့် စာအုပ်များကို မီးရှို့ဖျက်ဆီးပစ်ခဲ့ပြီး ယာဥ်မောင်းကိုလည်း နောက်နောင် စစ်ကောင်စီ ၏ ပစ္စည်းများကို ထပ်မံသယ်ယူပေးခြင်း မပြုလုပ်ရန် သတိပေးလိုက်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလကလည်း ကဒဲရွာအနီးရှိ စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီတပ်၏ ရိက္ခာ၊ လက်နက် ခဲယမ်းများကို သယ်ယူပို့ဆောင်ပေးနေသော ခရီးသည်တင်မှန်လုံယာဉ်ကို PRDF ရဲဘော်များက ရပ်ခိုင်း ပြီး ကားမှန်ကို သေနတ်ဖြင့် ပစ်ဖောက်သတိပေးခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သေးသည်ဟု သိရသည်။
စာတည်း။ ။ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ