ကျဆုံးရဲဘော်သုံးဦးအတွက် စစ်ကောင်စီအား ပဒေသာမိုင်းဖြင့် လက်တုန့်ပြန်တိုက်ခိုက်နိုင်ခဲ့ဟုBlack Wolf – Army ပြော

By ပါခွီး (မဇ္စျိမ)
05 February 2023
ကျဆုံးရဲဘော်သုံးဦးအတွက် စစ်ကောင်စီအား ပဒေသာမိုင်းဖြင့် လက်တုန့်ပြန်တိုက်ခိုက်နိုင်ခဲ့ဟုBlack Wolf – Army ပြော

ဖေဖော်ဝါရီလ ၅ ရက်

ရွှေဘိုမြို့နယ်အတွင်း တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးရဲဘော်သုံးဦးကျဆုံးခဲ့သည့်နေရာ၌ စစ်ကောင်စီတပ်အား ‌ပဒေသာမိုင်းဆွဲပြီး ပြန်လည်လက်တုန့်ပြန်တိုက်ခိုက်ခဲ့ကြောင်း Black Wolf – Army မှ ဖေဖော်ဝါရီလ (၄) ရက်နေ့တွင်ထုတ်ပြန်သည်။

ရွှေဘိုမြို့နယ်၊ ဘုန်းဘွဲ့ကျေးရွာအနီးတွင် ဖေဖော်ဝါရီလ(၂)ရက်က ဖြစ်ခဲ့သောတိုက်ပွဲ၌ Black Wolf -Army ရဲဘော်သုံးဦးကျဆုံးခဲ့သည်ဟု သိရသည်။ ဖေ‌ဖော်ဝါရီ(၃)ရက် နံနက်တွင် အင်အား(၆၀)ပါစစ်ကောင်စီစစ်ကြောင်းတစ်ကြောင်းသည် ဝက်လက်မြို့နယ်ကို မီးရှို့ပြီး (၁၂)ဘီးကားဖြင့် ထွက်လာပြီဟူသော တပ်တွင်းသတင်းပေး၏ သတင်းပေးပို့မှုအရ အသင့်နေရာယူစောင့်ဆိုင်းကာ ၎င်းတို့ တပ်ဖွဲ့ ဝင်များ ကျဆုံးခဲ့ရသော နေရာအရောက်တွင် ပဒေသာမိုင်း (၁၀)လုံးဖြင့် လက်စားချေ ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Black Wolf -Armyက ထုတ်ပြန်ထားသည်။

" ကျနော်တို့ရဲဘော်တွေကျဆုံး ကျနော်တို့အတွက် ကြီးမားတဲ့ ဆုံးရှုံးနစ်နာမှုပါ။ မဖြစ်သင့်ဘဲဖြစ်သွားတဲ့အတွက်လည်း တော်တော်စိတ်မကောင်းဘူး။ ဒါကြောင့်စစ်ကောင်စီတပ်သားတွေကို အဓိကထားပြီးတိုက်ခိုက်ခဲ့တာပါ"ဟု ကိုခွန်လေးကပြောသည်။

“နည်းနည်းပြန်ပစ်ခတ်ပြီး သေတဲ့သူနဲ့ ဒဏ်ရာရတဲ့သူတွေကို ကားပေါ်တင်သွားပြီး ကျန်ကောင်တွေက အောက်ဆင်းလမ်းလျှောက်ပြီး မြို့ထဲဝင်သွားတယ်” ဟု ၎င်းက ဆက်ပြောသည်။

အဆိုပါ တိုက်ခိုက်ခဲ့မှုကြောင့် ရွှေဘိုဆေးရုံတွင် စစ်ကောင်စီတပ်သားအလောင်းများနှင့် ဒဏ်ရာရရှိသူအများအပြား‌ရောက်ရှိနေကြောင်းပြီး အရေအတွက် အတိအကျ မသိရသေးကြောင်း Black Wolf - Armyကဆိုသည်။

ဖေဖော်ဝါရီလ ၂ရက်နေ့လယ်က ဘုန်းဘွဲ့ကျေးရွာအနီး စစ်ကောင်စီတပ်နှင့် တိုက်ပွဲတွင် Black Wolf – Army မှ ရဲဘော် ပိုင်ကြီး (တပ်စုမှူး) ၊ ရဲဘော်ခန့်သီဟ (Fundrising and Photographer) ၊ နှင့် ရဲဘော် စိုးဝင်း တို့ ကျဆုံးခဲ့ရကြောင်းသိရှိရသည်။

ရဲဘော်ခန့်သီဟသည် ရန်ကုန်မြို့ပြသပိတ်တိုက်ပွဲများတွင်ပါဝင်ခဲ့စဉ်က Burmese Spiderဟု နာမည်ကြီးခဲ့သူဖြစ်ပြီး လုံခြုံရေးအရမြို့ပြကိုစွန့်ခွာကာ ရွှေဘိုနယ်၌ လက်နက်ကိုင်တိုက်ပွဲဝင်နေစဉ် ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများကပြောသည်။

စာတည်း-မောင်ကြီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly