အမေရိကန် ၁၃ သန်း ရာသီပြောင်းလဲမှုကြောင့် ပင်လယ်ရေမျက်နှာပြင်မြင့်တက်နိုင်သည့် အန္တရာယ်နှင့် ကြံုနေ

အမေရိကန် ၁၃ သန်း ရာသီပြောင်းလဲမှုကြောင့် ပင်လယ်ရေမျက်နှာပြင်မြင့်တက်နိုင်သည့် အန္တရာယ်နှင့် ကြံုနေ

ပါရီ၊ မတ် ၁၅  ။           ။ ရာသီဥတုပြောင်းလဲခြင်းကြောင့် ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာမှုက ရာစုနှစ်အကုန်တွင် အမေရိကန် ၁၃ သန်းကျော်၏ ဘဝကို ကျွမ်းထိုးမှောက်ခုံဖြစ်စေနိုင်သည်ဟု မတ် ၁၄က ထုတ်ပြန်ခဲ့သော လေ့လာမှုတစ်ခုက ဖော်ပြသည်။

ကမ္ဘာလုံးဆိုင်ရာပူနွေးမှုကြောင့် ၂၁၀၀ပြည့်နှစ်တွင် သမုဒ္ဒရာများ၏ ရေမျက်နှာပြင်ကို ၁ဒသမ၈မီတာထိမြင့်တက်စေပါက အမေရိကန်ကမ်းရိုးတန်းဒေသများတွင် နေထိုင်လျက်ရှိသောလူ ၁၃ဒသမ၁သန်းမှာ ရေကြီးမှု၊ မုန်တိုင်းများဖြစ်ပွားမှုများမြင့်တက်လာမှုတို့၏ ဒဏ်ကို ခံရနိုင်သည်ဟု လေ့လာမှုတွင် ဖော်ပြထားသည်။ ဖလော်ရီဒါပြည်နယ်တစ်ခုတည်းပင်လျင် လူ ၆ သန်းခန့် ထိခိုက်ခံစားရနိုင်ပြီး ကယ်လီဖိုးနီးယားနှင့် လူဝီစီယာနာပြည်နယ်တို့က တစ်သန်းစီ ခံစားရနိုင်သည်။

ပင်လယ်ရေပြင်နှာပြင်မှာ ခန့်မှန်းထားချက်၏ ထက်ဝက်မျှ မြင့်တက်လာလျင်ပင် အနည်းဆုံး အမေရိကန် လေးသန်းမှာ အန္တရာယ်ဖြစ်မည့် အနေအထားတွင် ရှိနေပြီး ၎င်းတို့အနေဖြင့် ပိုမိုမြင့်မားသော ကုန်းမြေပြင်ကို ရှာဖွေရတော့မည်ဖြစ်သည်။ ပင်လယ်ရေမျက်နှာပြင် မြင့်တက်မှုကြောင့် ဒုက္ခရောက်နိုင်သည့် လူအရေအတွက်နှင့် ပတ်သက်သည့် ယခင်ခန့်မှန်းချက်မှာ တိုးပွားလာသည့်လူဦးရေကို ထည့်တွက်ထားခြင်းမရှိဟု သုနေသီတို့က ပြောသည်။

"အခုဒီသုတေသနက လူဦးရေခန့်မှန်းချက်နဲ့ ပင်လယ်ရေမျက်နှာပြင် မြင့်မားလာမှုကို ပေါင်းစည်းထားတာပါ"ဟု ဂျော်ဂျီယာတက္ကသိုလ်မှ ဦးဆောင်သုတေသီနှင့် ပါရဂူဘွဲ့ကြိုကျောင်းသား မက်သယူးဟော်ယာက ပြောသည်။ ယခင်က ခန့်မှန်းချက်ထက် ယခုခန့်မှန်းချက်က သုံးဆပို၍ကြီးမားသည်ဟု ၎င်းကဆိုသည်။

မီယာမီနှင့် နယူးအော်လင်းတို့ကဲ့သို့ အဓိကမြို့ပြနေရာများတွင် လူဦးရေ၏ ၂၅ ရာခိုင်နှုန်းကျော်မှာ ရာစုနှစ်ကုန်တွင် ရေကြီးရေလျှံမှုဒဏ်ကို ဆိုးဆိုးခံစားရနိုင်သည်ဟု လေ့လာမှုက သတိပေးထားသည်။ "လိုက်လျောညီထွေဖြစ်မဲ့ အစီအစဉ်တွေ အကောင်အထည်ဖော်ဖို့ စောင့်ရတာကြာလေ ပေးဆပ်ရမဲ့တန်ဘိုးက ကြီးလေလေဖြစ်မှာပါ"ဟု ဟော်ယာက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly