စစ်ကောင်စီထံ လေယာဉ်ဆီ သွင်းသည့် ကုမ္ပဏီများအား ဗြိတိန် ဒဏ်ခတ်ပိတ်ဆို့မှုကို Burma Campaign UK ကြိုဆို 

စစ်ကောင်စီထံ လေယာဉ်ဆီ သွင်းသည့် ကုမ္ပဏီများအား ဗြိတိန် ဒဏ်ခတ်ပိတ်ဆို့မှုကို Burma Campaign UK ကြိုဆို 

မြန်မာစစ်တပ်ဆီ လေယာဉ်ဆီ ထောက်ပံ့နေသူများအား ပစ်မှတ်ထားသည့် ဗြိတိန်၏ ဒဏ်ခတ်ပိတ်ဆို့မှုသစ်များကို Burma Campaign UK က ကြိုဆိုသော်လည်း လုံလောက်မှု မရှိသေးကြောင်း အတည်ပြုပြောဆိုသည်။ 

မြန်မာစစ်တပ်၏ လေကြောင်းတိုက်ခိုက်နိုင်စွမ်းကို ကန့်သတ်ခြင်းသည် မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော လူ့အခွင့်အရေးနှင့် လူသားချင်း စာနာထောက်ထားရေး အကျပ်အတည်းအား နိုင်ငံတကာ အသိုင်းအဝိုင်းက ဖြေရှင်းနိုင်ရေးအတွက် အထိရောက် ခြေလှမ်းများမှ တစ်ရပ်ဖြစ်သော်လည်း မြန်မာဆီ လေယာဉ်ဆီ ထောက်ပံ့မှုများကို နောက်ထပ် လျင်မြန်စွာ ဖြတ်တောက်ပစ်ရန် လိုအပ်ကြောင်း ယင်းအဖွဲ့က ပြောသည်။ 

ဇန်နဝါရီ ၃၁ ရက်က ဗြိတိန်အစိုးရသည် မြန်မာစစ်ကောင်စီထံ လေယာဉ်ဆီ တင်သွင်းနေရာတွင် ပါဝင်သည့် Asia Sun Trading Company Limited နှင့် Cargo Link Company Limited ကုမ္ပဏီနှစ်ရပ်အား ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခဲ့သည်။ အဆိုပါ ကုမ္ပဏီနှစ်ရပ်စလုံးသည် မြန်မာနိုင်ငံက လေယာဉ်ဆီကဏ္ဍကို ကြီးစိုးထားသည့် Asia Sun ကုမ္ပဏီအုပ်စုထဲ ပါဝင်သည်။ 

လူပုဂ္ဂိုလ် ဒဏ်ခတ်ပိတ်ဆို့မှုအဖြစ် Asia Sun Trading မှ ဒါရိုက်တာနှင့် တစ်ဦးတည်းသော ရှယ်ယာရှင် ဦးဇော်မင်းထွန်နှင့် ယင်းကုမ္ပဏီ၏ ဒါရိုက်တာဟောင်းနှင့် ရှယ်ယာရှင်ဟောင်းဖြစ်သူ ဦးဝင်းကျော်ကျော်အောင်တို့ကို ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်သည်။ 

“မြန်မာစစ်တပ်ဆီ လေယာဉ်ဆီ ထောက်ပံ့နေသူတွေကို ပစ်မှတ်ထားပြီး ဗြိတိန်အစိုးရက ဒဏ်ခတ်ပိတ်ဆို့နေတာ ဖြစ်တယ်၊ ဒါပေမဲ့ မြန်မာစစ်တပ်ဟာ အရပ်ဘက် လေယာဉ်ဆီတွေကိုလည်း သိမ်းယူတာကြောင့် မြန်မာဆီ လေယာဉ်ဆီ တင်သွင်းမှုတွေကို နောက်ထပ် မြန်မြန်ဆန်ဆန် ဖြတ်တောက်နိုင်ဖို့ လိုတယ်”ဟု Burma Campaign UK ၏ အမှုဆောင်ဒါရိုက်တာ အမျိုးသမီးတစ်ဦးဖြစ်သ်ည့ အန်နာ ရောဘတ်က ပြောသည်။ 

သို့ရာတွင် ဒဏ်ခတ်ပိတ်ဆို့မှုများ အကောင်အထည်ဖော်ရေး၌ မယုံနိုင်လောက်အောင် နှေးကွေးနေခြင်းအပေါ် Burma Campaign UK က လွန်စွာ စိတ်ပျက်လျက် ရှိသည်။ 

“အာဏာသိမ်းဖို့ ကြိုးစားတာ နှစ်နှစ်ရှိနေတာတောင် စစ်ကောင်စီအတွက် ဘဏ္ဍာဝင်ငွေ ရင်းမြစ်တွေ  တော်တော်များများ ရှိနေသေးပြီး လက်နက်ကုန်သွယ်မှုကိုလည်း ဒဏ်ခတ်မပိတ်ဆို့သေးဘူး”ဟု အန်နာ ရောဘတ်က ပြောသည်။ 

“ဒဏ်ခတ်ပိတ်ဆို့မှု အကောင်အထည်ဖော်ရေးမှာ ခရုသွားသွားနေတာဟာ စစ်တပ်ကို ဘဏ္ဍာဝင်ငွေနဲ့ လက်နက်တွေ ရရှိအောင် လမ်းကြောင်းပေးနေတာပဲ၊ နိုင်ငံခြားရေးရုံး ဝန်ကြီးတွေအနေနဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ အရှိန်မြန်မြန် အကောင်အထည်ဖော်ရေးမှာ ရင်းမြစ်တွေ ပိုပြီး မြုပ်နှံဖို့ လိုတယ်”ဟု ၎င်းက ပြောသည်။ 

ကြီးထွားလာသော ခုခံတွန်းလှန်မှုများနှင့် ရင်ဆိုင်နေရ၍ မြန်မာစစ်တပ်သည် ၎င်း အာဏာသိမ်းထားသည်ကို ခိုင်ခံ့အောင် မတည်ဆောက်နိုင်ခြင်းကြောင့် နေ့စဉ် လေကြောင်းတိုက်ခိုက်မှုများ၊ အရပ်သားများက လေကြောင်းတိုက်ခိုက်ခြင်းနှင့် လူ တစ်သန်းကျော်ထက် မနည်း နေရပ်ရွှေ့ပြောင်းရခြင်းများ အပါအဝင်ဖြစ်သည့်  ရမ်းကားသော နည်းဗျူဟာများကို တိုး၍ ကျူးလွန်နေကြောင်း Burma Campaign UK အရ သိရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly