သတင်းအချက်အလက်နည်းပညာသုံးစစ်ပွဲတွင် ဈေးသက်သာသောဒရုန်းများက တရုတ်အစိုးရကို ကူညီနေ 

သတင်းအချက်အလက်နည်းပညာသုံးစစ်ပွဲတွင် ဈေးသက်သာသောဒရုန်းများက တရုတ်အစိုးရကို ကူညီနေ 

ဖေဖော်ဝါရီလ ၄ ရက်

တရုတ်ဒရုန်းများသည် ဈေးသက်သာသောနှုန်းထားကြောင့် မောင်းသူမဲ့လေယာဉ်ဈေးကွက်ရှိ  နိုင်ငံများအတွက် ဦးစားပေးရွေးချယ်စရာဖြစ်လာခဲ့ပြီး သတင်းအချက်လက်နည်းပညာသုံးစစ်ပွဲတွင် တရုတ်ကို အကူအညီဖြစ်စေကြောင်း Al Jazeera က ဖော်ပြသည်။ 

နိုင်ငံ၏လက်နက်ကိုင်တပ်ဖွဲ့များကို ကမ္ဘာအဆင့်မီတပ်ဖွဲ့များအဖြစ်သို့မြှင့်တင်ရန် ကြိုးပမ်းသည့်အနေဖြင့် နိုင်ငံပိုင်ရန်ပုံငွေ အများအပြား သုံးစွဲမှုကြောင့်လည်း လွန်ခဲ့သည့်ဆယ်စုနှစ်များအတွင်း ကမ္ဘာ့ဒရုန်းဈေးကွက်ကို တရုတ်က လွှမ်းမိုးလာနိုင်သည်။ 

တရုတ်သမ္မတ ရှီကျင့်ဖျင်က ဒရုန်းများသည် စစ်ပွဲအခြေအနေများကို နက်နက်ရှိုင်းရှိုင်း ပြောင်းလဲပစ်နိုင်စွမ်း ရှိကြောင်း ပြောဆိုခဲ့ပြီး မောင်းသူမဲ့၊ ဉာဏ်ရည်တုတိုက်ခိုက်ရေးစွမ်းရည်များတီထွင်မှုကို အရှိန်မြှင့် လုပ်ဆောင်ရန် ၂၀၂၂ ခုနှစ် ကွန်မြူနစ်ပါတီညီလာခံတွင် ကတိပြုခဲ့သည်။ 

တရုတ်သည် လွန်ခဲ့သောဆယ်စုနှစ်များအတွင်း ခန့်မှန်းခြေအားဖြင့် တိုက်ခိုက်ရေးဒရုန်း ၂၈၂ စင်းကို နိုင်ငံပေါင်း ၁၇ နိုင်ငံသို့ ပေးပို့ခဲ့ကာ ကမ္ဘာတွင် လက်နက်အဖြစ်အသုံးပြုသည့် မောင်းသူမဲ့ယာဉ်ကို အများဆုံးတင်ပို့သော ထိပ်တန်းနိုင်ငံဖြစ်လာခဲ့ကြောင်း ကမ္ဘာ့လက်နက်လွှဲပြောင်းမှုများကို ခြေရာခံသည့် စတော့ဟုမ်းအပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးသုတေသနဌာန(SIPRI) ၏ အချက်အလက်များတွင် ဖော်ပြထားသည်။  

ကမ္ဘာတွင်ခေတ်အမီဆုံး မောင်းသူမဲ့လေယာဉ်များ (UAV) များရှိသည့် အမေရိကန်သည် အလားတူကာလတွင် တိုက်ခိုက်ရေး ဒရုန်း ၁၂ စင်းသာ တင်ပို့နိုင်ခဲ့ပြီး အားလုံးကို ပြင်သစ်နှင့် ဗြိတိန်ထံ ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း SIPRI အချက်အလက်များက ဖော်ပြနေသည်။ 

အမေရိကန်၏ ပို့ကုန်ထိန်းချုပ်မှုများကြောင့် ဈေးပေါသော တရုတ်လက်နက်ဒရုန်းများသည် ကမ္ဘာ့ဈေးကွက်ကို လွှမ်းမိုးထားခြင်းဖြစ်ကြောင်း လေ့လာသုံးသပ်သူတစ်ဦးက ပြောသည်။  

ဆော်ဒီအာရေဗျ၊ မြန်မာနှင့် အီရတ်မှသည် အီသီယိုးပီးယားအထိ စစ်တပ်များမှာ တရုတ်တိုက်ခိုက်ရေး ဒရုန်းများကို စုဆောင်းပြီး စစ်မြေပြင်တွင် တပ်ဖြန့်မှုများ ပိုများလာသည်ဟု ဆိုသည်။ 

အီရတ်တွင် ၂၀၁၈ ခုနှစ် နှစ်လယ်ပိုင်းအထိ အစ္စလာမ်စစ်သွေးကြွ ပစ်မှတ် ၂၆၀ ကျော်ကို လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ရန် တရုတ်ဒရုန်းများကို အသုံးပြုခဲ့ကြောင်းနှင့် ၁၀ဝ ရာခိုင်နှုန်းနီးပါး အောင်မြင်ခဲ့ကြောင်း Al Jazeera သတင်းတွင် ဖော်ပြထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly