တရုတ်နှင့် ၂၀၂၅ ခုနှစ်တွင် စစ်ဖြစ်ပွားနိုင်ကြောင်း အမေရိကန်ဗိုလ်ချုပ်ကြီး သတိပေး

By  Reuters
03 February 2023
တရုတ်နှင့် ၂၀၂၅ ခုနှစ်တွင် စစ်ဖြစ်ပွားနိုင်ကြောင်း အမေရိကန်ဗိုလ်ချုပ်ကြီး သတိပေး

အမေရိကန်သည် လာမည့် ၂ နှစ်အတွင်း တရုတ်နှင့် တိုက်ပွဲဖြစ်ပွားနိုင်သည်ဟု ယူဆမိကြောင်း အမေရိကန် လေတပ် ဗိုလ်ချုပ်ကြီးတစ်ဦးက ၎င်း၏ မှတ်တမ်းတွင် ရေးသားခဲ့ပြီး အဆိုပါပြောဆိုချက်များသည် အမေရိကန် စစ်ဘက်ဆိုင်ရာ ဆန်းစစ်အကဲဖြတ်ချက်များနှင့် ကိုက်ညီမှုမရှိကြောင်း ပင်တဂွန် အရာရှိများက မှတ်ချက်ပြုထားသည်။

"ကျွန်တော့်အထင် မမှန်ပါစေနဲ့လို့ပဲ ဆုတောင်းပါတယ်။ ၂၀၂၅ ခုနှစ်မှာ တိုက်ပွဲဖြစ်ပွားလိမ့်မယ်လို့ စိတ်ထဲမှာ ထင်နေတယ် " ဟု လေကြောင်းစစ်ဆင်ရေးဌာနချုပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး မိုက်မီနီဟန်က မိမိ၏အဖွဲ့ဝင် ၁၁၀ ၀၀၀ ခန့်ထံ ရေးသားသည့် ညွှန်ကြားချက်စာလွှာတွင် ဖော်ပြထားသည်။ 

အဆိုပါစာတွင် ဖေဖော်ဝါရီလ ၁ ရက်ဟု ရက်စွဲတပ်ထားသော်လည်း ဇန်နဝါရီလ ၂၇ ရက်က ပေးပို့ခဲ့ခြင်းဖြစ်သည်။

ဗိုလ်ချုပ်ကြီး၏ အမြင်သဘောထားသည် အမေရိကန်စစ်တပ်ကို ကိုယ်စားပြုပြောဆိုခဲ့ခြင်းမဟုတ်သော်လည်း တရုတ်က ပိုင်နက် နယ်မြေအဖြစ် တောင်းဆိုထားသည့် ထိုင်ဝမ်ကို ထိန်းချုပ်ရန် ကြိုးပမ်းလာနိုင်ခြေများအပေါ် အမေရိကန်စစ်တပ်၏ စိုးရိမ်မှုမှာ အမြင့်ဆုံးအဆင့်တွင်ရှိနေကြောင်း ပြသနေသည်။ 

အမေရိကန်နှင့် ထိုင်ဝမ် နှစ်င်ငံစလုံးသည် ၂၀၂၄ ခုနှစ်တွင် သမ္မတရွေးကောက်ပွဲများ ကျင်းပမည်ဖြစ်ပြီး တရုတ်အတွက် စစ်ရေးအရဆောင်ရွက်ရန် အခွင့်အလမ်းဖန်တီးပေးသကဲ့သို့ဖြစ်နိုင်သည်ဟု မီနီဟန်က ရေးသားခဲ့သည်။

ထိုင်ဝမ်ရေလက်ကြားအနီးတွင် တရုတ်၏ စစ်ရေးလှုပ်ရှားမှုများ အရှိန်မြှင့်လုပ်ဆောင်ခြင်းသည် တရုတ်က မကြာမီ ထိုင်ဝမ်ကို ကျူးကျော်တော့မည့် လက္ခဏာတစ်ရပ်အဖြစ် သံသယရှိကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က ယခုလအစောပိုင်းတွင် ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် မိမိ၏အုပ်ချုပ်မှုကို လက်ခံရန် မကြာသေးမီနှစ်များအတွင်း ထိုင်ဝမ်အပေါ် သံတမန်ရေး၊ စစ်ရေးနှင့် စီးပွားရေးဖိအားများကို အရှိန်မြှင့်လုပ်ဆောင်လာခဲ့သည်။ ငြိမ်းချမ်းရေးကို လိုလားသော်လည်း တိုက်ခိုက်ခံရပါက မိမိကိုယ်ကို ခုခံကာကွယ်သွားမည်ဟု ထိုင်ဝမ်အစိုးရက ဆိုထားသည်။
ဗိုလ်ချုပ်ကြီး မိုက်မီနီဟန်၏ ထင်မြင်ချက်နှင့်ပတ်သက်ပြီး လေတပ်ဗိုလ်မှူးချုပ် ပက်ထရစ်ရိုက်ဒါက တရုတ်နိုင်ငံနှင့် စစ်ရေးပြိုင်ဆိုင်မှုသည် အဓိကစိန်ခေါ်မှုဖြစ်ကြောင်း တုံ့ပြန်ခဲ့သည်။

“ငြိမ်းချမ်းပြီး လွတ်လပ်ပွင့်လင်းတဲ့ အင်ဒို-ပစိဖိတ်ဒေသကို ထိန်းသိမ်းထားနိုင်ဖို့ မဟာမိတ်တွေ၊ မိတ်ဖက်တွေနဲ့အတူ လက်တွဲဆောင်ရွက်နိုင်ရေးအတွက် ဆက်လုပ်ဆောင်နေပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly