ညောင်ဇင်ကြီးကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး နေအိမ် ၄ လုံး မီးလောင်ပျက်စီး

ညောင်ဇင်ကြီးကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး နေအိမ် ၄ လုံး မီးလောင်ပျက်စီး

မဇ္ဈိမ။ ။ စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင် ထန်းကုန်းတိုက်နယ် ညောင်ဇင်ကြီးကျေးရွာကို ဇန်နဝါရီလ ၃၁ ရက်နေ့တွင် စစ်ကောင်စီတပ် မှ စစ်ကြောင်းထိုးဝင်ရောက်ပြီးနောက် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့၍ ပြည်သူပိုင်နေအိမ် လေးလုံး မီးလောင်ပျက်စီးသွားကြောင်း ဒေသခံများထံမှ သိရသည်။

“အိမ်ခြေ လေးအိမ် မီးလောင်ပျက်စီးသွားတယ်လို့ သိရတယ်၊ လက်ရှိအချိန်မှာ ရွာသူ ရွာသားတွေ ပြန်မကပ်နိုင်သေးဘူး၊ အခုထိ တောထဲမှာရှောင်နေရတုန်းပဲ “ ဟု ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယင်း စစ်ကောင်စီတပ်စစ်ကြောင်းတွင် ခမရ (၃၆၁) မှ စစ်ကောင်စီတပ်သားများနှင့် ပျူစောထီး ပူးပေါင်းအင်အား ၁၅၀ လောက်ပါဝင်ပြီး ညောင်ဇင်ကြီးကျေးရွာအတွင်းသို့ လက်နက်ကြီး လက်နက်ငယ်များဖြင့်ပစ်ခတ်ဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရသည်။

ညောင်ဇင်ကြီးကျေးရွာသို့ စစ်ကောင်စီတပ်စစ်ကြောင်း ဝင်ရောက်လာသည့်အတွက် ညောင်ဇင်ကြီးကျေးရွာသူ ရွာသားများ အပါအဝင် အနီးအနားကျေးရွာများဖြစ်သည့် မဲသည်၊ အင်းလည်ကြီး၊ ပေလည်၊ ထိန်တော၊ ကိုင်းရိုး၊ မင်းကုန်း (က) နှင့် ဘိုကုန်း စသည့် ကျေးရွာများမှ ပြည်သူထောင်နှင့်ချီ တိမ်းရှောင်နေရကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ဆိုသည်။

စစ်ကောင်စီတပ်စစ်ကြောင်းသည် ညောင်ဇင်ကြီးကျေးရွာကို မီးရှို့ဖျက်ဆီးပြီးနောက် ယင်းနေ့ ညနေပိုင်းတွင် ညောင်ဇင်လေးကျေးရွာဖက်သို့ ဦးတည်ထွက်ခွာသွားကြောင်း သိရသည်။

လက်ရှိအချိန်အထိ စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် ကန့်ဘလူခရိုင် ထန်းကုန်းတိုက်နယ်အတွင်းရှိ ကျေးရွာပေါင်း ကိုးရွာမှ နေအိမ် အလုံးပေါင်း ၁၃၄ အိမ်အထိ မီးရှို့ဖျက်ဆီးခံထားရကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ က ဆိုသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required