ထန်တလန်မြို့တွင် စစ်ကောင်စီတပ်သား ၆ဦးကို လက်နက်များနှင့်အတူ ချင်းပူးပေါင်းတပ်ဖွဲ့ ဖမ်းဆီး

By ပါခွီး
02 February 2023
ထန်တလန်မြို့တွင် စစ်ကောင်စီတပ်သား ၆ဦးကို လက်နက်များနှင့်အတူ ချင်းပူးပေါင်းတပ်ဖွဲ့ ဖမ်းဆီး

မဇ္စျိမ ။။ ချင်းပြည်နယ် ၊ ထန်တလန်မြို့တွင် စစ်ကောင်စီတပ်သား ခြောက်ဦးကို လက်နက်များနှင့်တကွ ဖမ်းဆီးခဲ့ကြောင်း ချင်းအမျိုးသားတပ်မတော် (CNA) ထံက သိရှိရသည်။

ဖေဖော်ဝါရီလ ၁ရက် ယမန်နေ့ နံနက်ပိုင်းက ထန်တလန်မြို့အတွင်းတွင် စစ်ကောင်စီတပ်ဖွဲ့များကို ဖမ်းဆီးခဲ့မိခဲ့ရခြင်းဖြစ်ကြောင်း ဆိုသည်။

“မနက်ဝေလီဝေလင်းအချိန်မှာ CB Bank မှာ ခြေကုတ်ယူထားတဲ့ စကစ တပ်စိတ် တစ်စိတ်ကို လျှပ်တပြက်ဝင်ရောက်စီးနင်းပြီး ဖမ်းဆီးခဲ့တာပါ” ဟု CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီ က မဇ္စျိမ ကို ပြောသည်။

CNA တပ်ဖွဲ့နှင့်အတူ CDF – Thantlang တပ်ဖွဲ့တို့ပူးပေါင်းပြီး ပြုလုပ်ခဲ့သည့် အဆိုပါ မြို့တွင်း စစ်ဆင်ရေးအတွင်း G3 လေးလက် ၊ အူဇီ တစ်လက် ၊ MA 1 တစ်လက်၊ MA 2 တစ်လက် နှင့် ဗုံးသီးများကို ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးခဲ့သော တပ်စိတ်တွင် ရဲလေးဦး စစ်ကောင်စီတပ်သား နှစ်ဦးပါဝင်ပြီး နှစ်ပွင့်နှင့် ဗိုလ်မှ ဦီးစီးပြီး ခြေကုတ်ယူထားသော အဖွဲ့ဖြစ်ကြောင်းဆိုသည်။

ဂျနီဗာကွန်ဗင်းရှင်းမှာ လက်မှတ်ရေးထိုးထားသည့် တပ်ဖွဲ့ဖြစ်သည့် CNA အနေဖြင့် ဖမ်းမိထားသော သုံ့ပန်းများကို စစ်ဥပဒေအရ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆလိုင်းထက်နီက ဆက်လက်ပြောဆိုသည်။

ထန်တလန်မြို့တွင် စစ်ကောင်စီတပ် ခလရ (၂၆၆) နှင့် ခလရ (၂၂၂) တို့ အခြေစိုက် တပ်စွဲထား၍ မြို့တွင်းတိုက်ပွဲများဖြစ်ပွားခဲ့ပြီး ၎င်းတို့၏ မီးရှို့မှုကြောင့် မြို့ခံပြည်သူများ နေရပ်စွန့်ခွာသွားခဲ့ကြပြီး ချင်းကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်များသာ မြို့တွင်းတွင် နေထိုင်လျက်ရှိကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၁ရက် ယမနက်နေ့တွင် စစ်ကောင်စီမှ နိုင်ငံတော်အာဏာကို အဓမ္မလုယူ သိမ်းပိုက်ခဲ့သည့် နှစ်နှစ်ပြည့်မြောက်နေ့အဖြစ် ဟားခါးမြို့ရှိ ခလရ (၂၆၆) စစ်ကောင်စီတပ်စခန်းကို CNA , CDF – Thantlang , CDF – Hakha တပ်ဖွဲ့များပူးပေါင်းပြီး ဒရုန်းဖြင့် ဗုံးချ တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly