အမေရိကန်တွင် သူလျှိုလုပ်မှုဖြင့် တရုတ်အင်ဂျင်နီယာကို ထောင်ဒဏ် ၈ နှစ် ချမှတ်

By News.com.au
01 February 2023
အမေရိကန်တွင် သူလျှိုလုပ်မှုဖြင့် တရုတ်အင်ဂျင်နီယာကို ထောင်ဒဏ် ၈ နှစ် ချမှတ်

တရုတ်အမျိုးသားတစ်ဦးသည် အမေရိကန်တွင် သူလျှိုလုပ်မှုအတွက် ထောင်ဒဏ် ၈ နှစ် ချမှတ်ခံလိုက်ရသည်။

ဂျီချောင်ချွင်သည် လွန်ခဲ့သည့် ၁၀ နှစ်ခန့်က ကျောင်းသားတစ်ဦးအဖြစ် ကျောင်းအပ်ပြီးနောက် အမေရိကန်တွင် ဇာတ်မြှုပ်နေခဲ့ကာ အဖိုးတန် အချက်အလက်များကို တရုတ်သို့ ပြန်လည်ပေးပို့နေခဲ့သည်။
ဂျီသည် အီလီနွိုက်နည်းပညာတက္ကသိုလ်တွင် လျှပ်စစ်အင်ဂျင်နီယာပညာသင်ယူရန် ၂၀၁၃ ခုနှစ်တွင် အမေရိကန်နိုင်ငံသို့ ရောက်ရှိလာခဲ့ပြီး နောက်ပိုင်းတွင် အမေရိကန်စစ်တပ်၏ အရံအင်အားတပ်ဖွဲ့သို့ ဝင်ရောက်ခဲ့သည်ဟု အမေရိကန်တရားရေးဌာနက ပြောကြားခဲ့သည်။

နိုင်ငံခြားသားများ၏ကျွမ်းကျင်မှုသည် နိုင်ငံတော်အကျိုးစီးပွားအတွက်အရေးပါသည်ဟုယူဆပါက ၎င်းနိုင်ငံခြားသားများကို စုဆောင်းခွင့်ပြုသည့်အစီအစဉ် (MAVNI) တစ်ခုတွင် ဂျီသည် ၂၀၁၆ ခုနှစ်က စာရင်းသွင်းခဲ့သည်။
ဂျီသည် တရုတ် သို့မဟုတ် ထိုင်ဝမ်နွယ်ဖွား အမေရိကန်နိုင်ငံသားခံယူထားသူ ၈ ဦး၏ ကိုယ်ရေးအချက်အလက်များကို တရုတ်ထောက်လှမ်းရေးထံ ပေးပို့ခဲ့သည်ဟုဆိုကာ ၂၀၁၈ ခုနှစ် စက်တင်ဘာလတွင် ဖမ်းဆီးခံခဲ့ရသည်။ ထိုသူ ၈ ဦးထဲမှအချို့သည် အမေရိကန် ကာကွယ်ရေးဆိုင်ရာ ကန်ထရိုက်တာများ ဖြစ်ကြသည်။
သို့သော် ဂျီချောင်ချွင်က ယခုအစီအစဉ်တွင် ပါဝင်ရန်လျှောက်ထားပြီးနောက် လွန်ခဲ့သည့် ၇ နှစ် အတွင်း ပြည်ပအစိုးရနှင့် အဆက်အသွယ် တစ်စုံတစ်ရာ မရှိခဲ့ကြောင်း လိမ်ညာထွက်ဆိုခဲ့ပြီး အမေရိကန်စစ်တပ်အရာရှိတစ်ဦးနှင့် နောက်ဆက်တွဲမေးမြန်းမှုတစ်ခုတွင် ၎င်းနှင့် တရုတ်ထောက်လှမ်းရေး အရာရှိများကြားက ဆက်ဆံရေးနှင့် ဆက်သွယ်မှုများအကြောင်း ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိခဲ့ပေ။

ဂျီ၏တာဝန်မှာ အမေရိကန်တွင် အင်ဂျင်နီယာများ၊ သိပ္ပံပညာရှင်များ၊ ၎င်းတို့ထဲမှ အမေရိကန်ကာကွယ်ရေး ကန်ထရိုက်တာများအတွက် အလုပ်လုပ်ခဲ့သူအချို့အပါအဝင် တရုတ်သူလျှိုများအဖြစ် ခေါ်ယူနိုင်မည့်သူများ၏ ကိုယ်ရေးအချက်အလက်များကို တရုတ်ထောက်လှမ်းရေးအဖွဲ့ဖြစ်သည့် နိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာန(MSS) သို့ ပေးပို့ရန်ဖြစ်ကြောင်း တရားရေးဌာနက ပြောကြားခဲ့သည်။
အမေရိကန် တာဝန်ရှိသူများ၏ အဆိုအရ ဂျီ၏ အကြီးမားဆုံးရည်မှန်းချက်မှာ အမေရိကန် ကုမ္ပဏီများက ဖန်တီးထားသည့် အာကာသနှင့် ဂြိုလ်တုဆိုင်ရာ အဆင့်မြင့်နည်းပညာများ ရရှိရန် ဖြစ်သည်။

"ဂျီသည် ၂၀၁၈ ခုနှစ်တွင် တရုတ်နိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာန၏ ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်နေသည့် လျှို့ဝှက်ဥပဒေစိုးမိုးရေး အေးဂျင့်တစ်ဦးနှင့် အကြိမ်ကြိမ်တွေ့ဆုံခဲ့ကြောင်း တရားခွင် အထောက်အထားများက ဖော်ပြနေသည်" ဟု တရားရေးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထိုသို့တွေ့ဆုံစဉ် ဂျီက ၎င်း၏ စစ်ဘက်ဆိုင်ရာ အထောက်အထားများဖြင့် ရုစဗဲ့အမျိုးအစား လေယာဉ်တင်သင်္ဘောများသို့ သွားရောက်လည်ပတ်ပြီး ဓာတ်ပုံရိုက်နိုင်ကြောင်း ရှင်းပြခဲ့သည်။ MAVNI အစီအစဉ်မှတစ်ဆင့် အမေရိကန်နိုင်ငံသားဖြစ်ခွင့်နှင့် လုံခြုံရေးထောက်ခံချက် ရရှိပြီးသည်နှင့်တစ်ပြိုင်နက် အမေရိကန် ဗဟိုထောက်လှမ်းရေးအေဂျင်စီ(စီအိုင်အေ)၊ အမေရိကန် ဗဟိုထောက်လှမ်းရေးအဖွဲ့ (အက်ဖ်ဘီအိုင်) သို့မဟုတ် အမေရိကန် အာကာသအေဂျင်စီ (နာဆာ) တွင် အလုပ်တစ်ခုရှာမည်ဟု ဂျီချောင်ချွင်က ရှင်းပြခဲ့သည်။

စွပ်စွဲခံရသူသည် နိုင်ငံခြားထောက်လှမ်းရေးအေးဂျင့်တစ်ဦးဖြစ်ကြောင်း ယတိပြတ်မပြောနိုင်သည့် သူလျှိုမှုများနှင့်ဆက်စပ်သော အမှုများတွင် အမေရိကန်အစိုးရရှေ့နေများက စွဲချက်တင်လေ့ရှိသည်။

ဂျီသည် ကျန်းစုဌာနမှ ဒုတိယညွှန်ကြားရေးမှူး ရှူယန်ဂျွန်၏ ညွှန်ကြားမှုချက်အရ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဖြစ်သည်ဟု တရားရေးဌာနက ဆိုသည်။

ဂျီ၏အမှုသည် ကမ္ဘာ့ထိပ်တန်းလေယာဉ်အင်ဂျင်ထုတ်လုပ်သည့် ကုမ္ပဏီတစ်ခုဖြစ်သည့် အိုဟိုင်းယိုးအခြေစိုက် GE Aviation နှင့် အမေရိကန်စစ်ဘက်ကုမ္ပဏီများအပါအဝင် တခြားလေကြောင်းကုမ္ပဏီများထံမှ ကုန်သွယ်မှုလျှို့ဝှက်ချက်များကို ခိုးယူရန် နှစ်ပေါင်းများစွာ တရုတ်ကြိုးပမ်းမှုနှင့် ဆက်စပ်နေပုံရသည်။
ရှူသည် ထိုကြိုးပမ်းမှုတွင် အဓိကကျသူဖြစ်သည်။ ရှူသည် ၂၀၁၈ ခုနှစ်တွင် ဘယ်လ်ဂျီယံ၌ ဖမ်းဆီးခံခဲ့ရပြီး ရုံးတင်စစ်ဆေးရန် အမေရိကန်သို့ လွှဲပြောင်းပေးအပ်ခံခဲ့ရသည်။

စီးပွားရေး သူလျှိုလုပ်မှုနှင့် ကုန်သွယ်မှုလျှို့ဝှက်ချက်များကို ခိုးယူရန် ကြိုးပမ်းမှုဖြင့် ၂၀၂၁ ခုနှစ် နိုဝင်ဘာလတွင် ပြစ်ဒဏ်ချမှတ်ခံခဲ့ရသည်။  
၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင် ရှူကို ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly