ရှင်ကျန်းရှိ ဝီဂါစခန်းများ တရားဝင်အကျဉ်းထောင်ဖြစ်လာကာ ထိန်းသိမ်းခံရသူများ နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခံနေရ

By ANI  
01 February 2023
ရှင်ကျန်းရှိ ဝီဂါစခန်းများ တရားဝင်အကျဉ်းထောင်ဖြစ်လာကာ ထိန်းသိမ်းခံရသူများ နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခံနေရ

တရုတ်နိုင်ငံ ရှင်ကျန်းရှိ ဝီဂါထိန်းသိမ်းရေးစခန်းများအပြားကို တရားဝင်အကျဉ်းထောင်များအဖြစ် ပြောင်းလဲထား ပြီး ထိန်းသိမ်းခံထားရသူများမှာ နှစ်ရှည်ထောင်ဒဏ်များချမှတ်ခံထားရကြောင်း အမေရိကန်အခြေစိုက် Foreign Affairs မဂ္ဂဇင်းတွင် ဖော်ပြထားသည်။

အကျဉ်းသားအများအပြားကို စခန်းများမှ ရှင်ကျန်း သို့မဟုတ် နိုင်ငံအတွင်း အခြားနေရာများရှိ စက်ရုံများသို့ ပြောင်းရွှေ့ခဲ့ကြောင်း Foreign Affairs မဂ္ဂဇင်းက ဖော်ပြခဲ့သည်။ ပြည်ပရောက် ဝီဂါမိသားစုအချို့က ၎င်းတို့၏ ဆွေမျိုးများသည် အိမ်သို့ပြန်ရောက်နေပြီဖြစ်သော်လည်း နေအိမ်အကျယ်ချုပ် ကျခံနေရသည်ဟု ဆိုသည်။

ဆင်းရဲနွမ်းပါးမှုလျှော့ချရေးလှုပ်ရှားမှု အစီအစဉ်အရ တရုတ်သည် သောင်းနှင့်ချီသော ကျေးလက်နေ ဝီဂါများကို ရွာများမှ နှင်ထုတ်ကာ စက်ရုံအလုပ်ရုံများသို့ အဓမ္မပို့ဆောင်ခဲ့သည်။
တရုတ်ကွန်မြူနစ်ပါတီသည် ဝီဂါဘာသာစကားအသုံးပြုမှုကို တားမြစ်ထားပြီး အစ္စလာမ်အလေ့အထများကို တားမြစ်ထားသည်။ ဗလီများ၊ ဘုရားကျောင်းဆောင်များနှင့် သုသာန်များကို ဖျက်ဆီးကာ ဝီဂါယဉ်ကျေးမှု ရေရှည် တည်ရှိလာမှုနှင့် တရုတ်ယဉ်ကျေးမှုနှင့်မတူညီသည့် အချက်များကို ပယ်ဖျက်ရန် သမိုင်းကို ပြန်လည်ရေးသားခဲ့ပြီး ဝီဂါတိုင်းရင်းသားစာပေကို ပြဋ္ဌာန်းစာအုပ်များမှ ပယ်ဖျက်ခဲ့သည်။

ရှင်ကျန်းတောင်ပိုင်းကို လွန်ခဲ့သည့်နှစ်အနည်းငယ်က စစ်ပွဲဇုန်တစ်ခုကဲ့သို့ ဖြစ်စေခဲ့သည့် ထိန်းချုပ်ရေးဆိုင်ရာ အခြေခံအဆောက်အအုံများ၊ ထိန်းသိမ်းကြပ်မတ်မှုများ၊ စစ်ရေးကင်းလှည့်မှုများနှင့် စစ်ဆေးရေးဂိတ်များကို ယခုအခါ မတွေ့ရတော့ကြောင်း Foreign Affairs တွင် ဖော်ပြထားသည်။
သို့သော် မိုဘိုင်းလ်ဖုန်းများ၊ မျက်နှာမှတ်သားခြင်း၊ ဇီဝဆိုင်ရာအချက်အလက်(biometric)မှတ်တမ်းများ၊ QR ကုဒ်များနှင့် မည်သူမည်ဝါဖြစ်ကြောင်းဖော်ထုတ်ပြီး တည်နေရာကို ဖော်ပြနိုင်သော အခြားကိရိယာများကို အခြေခံသည့် ဒစ်ဂျစ်တယ်စောင့်ကြည့်ရေးစနစ်များသည် ဒေသခံများကို စောင့်ကြည့်ထိန်းချုပ်ရာတွင် ထိရောက်သော ကြောင့် ယခင်ကထိန်းချုပ်သည့်နည်းလမ်းများကို မတွေ့ရတော့ခြင်းဖြစ်သည်။

ဝါရှင်တန်ဒီစီအခြေစိုက် Voice of America (VOA) နှင့် မကြာသေးမီက တွေ့ဆုံမေးမြန်းမှုတွင် ဝီဂါအမျိုးသား တစ်ဦးဖြစ်သည့် ဂျမေးလ်က ရှင်ကျန်းရှိ နိုင်ငံကူးလက်မှတ်ဆိုင်ရာ တရုတ်၏မူဝါဒမှာ မည်သူ့ကိုမျှ နယ်စပ်ဖြတ်ကျော်ခွင့်မပြုရန်နှင့် လူတိုင်းကို ဒေသတွင်းမှာ ထိန်းသိမ်းထားရန်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ဆွစ်ဇာလန်နိုင်ငံအခြေစိုက် Geneva Daily သတင်းတွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံသည် ဝီဂါများအား နိုင်ငံကူးလက်မှတ်အသစ် ထုတ်မပေးကြောင်း ဂျမေးလ်က ပြောကြားခဲ့သည်။ 
“ဝီဂါတစ်ယောက်မှာ နိုင်ငံတစ်ခုခုကိုသွားဖို့ တရားဝင်တရုတ်နိုင်ငံကူးလက်မှတ်နဲ့ ဗီဇာရှိတယ်ဆိုရင်တောင် အစိုးရ ခွင့်ပြုချက်မပါရင် အကောက်ခွန်ဌာနက နယ်စပ်ဖြတ်ကျော်ခွင့်မပြုပါဘူး” ဟု ၎င်းက VOA သို့ပြောသည်။

အကောက်ခွန်အရာရှိထံ တရုတ်မှတ်ပုံတင်၊ နိုင်ငံကူးလက်မှတ်နှင့် ခွင့်ပြုချက်စာရွက်စာတမ်းကို တင်ပြသည့်အခါ အဆိုပါဝီဂါအား အထူးသတ်မှတ်ထားသည့် နေရာသို့ ခေါ်ဆောင်သွားမည်ဖြစ်ပြီး ၎င်း၏စာရွက်စာတမ်းများ မှန်ကန်မှု ရှိ၊ မရှိ ရဲများက စစ်ဆေးမည်ဖြစ်ကြောင်း ဂျမေးလ်က ပြောသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly