တရုတ်တွင် ထိုင်ဝမ်ကိုအမိန့်ပေးခွင့် မရှိကြောင်း အမေရိကန်ဆိုင်ရာ ထိုင်ဝမ်ကိုယ်စားလှယ် ပြောကြား

By Taipei Times
01 February 2023
တရုတ်တွင် ထိုင်ဝမ်ကိုအမိန့်ပေးခွင့် မရှိကြောင်း အမေရိကန်ဆိုင်ရာ ထိုင်ဝမ်ကိုယ်စားလှယ် ပြောကြား

ထိုင်ဝမ်က ကမ္ဘာနှင့် မည်သို့ထိတွေ့ဆက်ဆံရမည်ကို တရုတ်တွင် ဆုံးဖြတ်ပိုင်ခွင့် သို့မဟုတ် သတ်မှတ်ပိုင်ခွင့် မရှိကြောင်း အမေရိကန်ဆိုင်ရာ ထိုင်ဝမ်ကိုယ်စားလှယ် ရှောင်ဘီကင်က ဇန်နဝါရီလ ၂၀ ရက်က AP သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားလိုက်သည်။

အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီက ထိုင်ဝမ်ကို သွားရောက်ပြီးနောက် တရုတ်က အမေရိကန်နှင့် ဆွေးနွေးမှု အများစုကို ယာယီ ဆိုင်းငံ့ထားပြီး ပဲ့ထိန်းဒုံးကျည်များ ထိုင်ဝမ်အနီးသို့ ပစ်လွှတ်ခြင်း အပါအဝင် ဆက်ဆံရေးတင်းမာမှုများဖြစ်လာကာ ၁ နှစ်ကျော်ကြာပြီးနောက် ယခုလူတွေ့မေးမြန်းခန်း ထွက်ပေါ်လာ ခြင်းဖြစ်သည်။
အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌအသစ် ကယ်ဗင်မက်ကာသီကအနေဖြင့်လည်း ထိုင်ဝမ်သို့ သွားမည်ဟူသော အစောပိုင်းက ကတိပြုထားသည့်အတိုင်း ဖြစ်အောင်လုပ်သင့်ကြောင်း ရှောင်က ပြောကြားခဲ့သည်။

“ဒါက သူ့ရဲ့ ဆုံးဖြတ်ချက်ပါပဲ။ ထိုင်ဝမ်ပြည်သူတွေကတော့ ကမ္ဘာတစ်ဝန်းလုံးက ဧည့်သည်တွေကို ကြိုဆိုမယ်လို့ ထင်ပါတယ်။” ဟု ရှောင်က ဆိုသည်။
တရုတ်ခေါင်းဆောင်များသည် ထိုင်ဝမ်အား ကမ္ဘာနိုင်ငံများနှင့် မည်သို့ဆက်ဆံရမည်ကို ဆုံးဖြတ်ခွင့်နှင့် သတ်မှတ်ပိုင်ခွင့်မရှိကြောင်း သူမကပြောကြားခဲ့သည်။

ဝါရှင်တန်ရှိ ထိုင်ဝမ်၏ တရားဝင်လုပ်ငန်းဆောင်တာများအတွက် အသုံးပြုနေသည့် နှစ်ပေါင်း ၁၃၀ ကျော် သက်တမ်းရှိ တောင်ပေါ်အိမ်ကြီး Twin Oaks တွင် ရှောင်က တွေ့ဆုံမေးမြန်းခန်းပြုလုပ်ခဲ့ခြင်းဖြစ်သည်။

တရုတ်နှင့် ပြိုင်ဆိုင်မှုပြင်းထန်လာခြင်းကြောင့် ဖြစ်ပေါ်လာသည့် ထိုင်ဝမ်နှင့် အမေရိကန်စစ်ရေး၊ သံတမန်ရေး၊ ကုန်သွယ်ရေးဆက်ဆံရေး ကိစ္စရပ်များနှင့် ပတ်သက်၍လည်း သူမက ဆွေးနွေးခဲ့သည်။
အမေရိကန်က ၁၉၇၉ ခုနှစ်တွင် ထိုင်ဝမ်အား အသိအမှတ်ပြုခြင်းကို ရုပ်သိမ်းခဲ့ပြီး တစ်ရက်တည်းမှာပင် တရုတ်ကို တစ်ခုတည်းသောအစိုးရအဖြစ် အသိအမှတ်ပြုခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly