နိုဝင်ဘာလ စက္ကူဖြူဆန္ဒပြပွဲများကြောင့်  တရုတ်လူငယ် ဒါဇင်နှင့်ချီ ဖမ်းဆီးခံရ 

By RFA
01 February 2023
နိုဝင်ဘာလ စက္ကူဖြူဆန္ဒပြပွဲများကြောင့်  တရုတ်လူငယ် ဒါဇင်နှင့်ချီ ဖမ်းဆီးခံရ 

အမျိုးသမီးအများစုပါဝင်သည့် ဒါဇင်နှင့် ချီသည့် တရုတ်လူငယ်များကို နိုဝင်ဘာလ စက္ကူဖြူဆန္ဒပြပွဲများတွင် ပါဝင်ခဲ့မှုဖြင့် တိတ်တဆိတ် ဖမ်းဆီးနေကြောင်း Radio Free Asia က ဖော်ပြသည်။

ပေကျင်းမြို့တော် လျန်မာဟော်ခရိုင်တွင် ဆန္ဒပြမှုအပြီး နိုဝင်ဘာ ၂၇ ရက် ညတွင် လူ ၄၀ ထက်မနည်း ပျောက် ဆုံးနေပြီး ဖမ်းဆီးခံထားရသည်ဟု ယူဆရကြောင်း အဆိုပါဖြစ်စဉ်နှင့် နီးစပ်သည့် ချန်ဟုအမည်ရသော အမျိုးသမီးတစ်ဦးက ပြောသည်။
လူများက လွတ်လပ်စွာ ပြောဆိုခွင့် ကန့်သတ်ချက်များအပေါ် စိတ်ပျက်ကြောင်းနှင့် ရှင်ကျန်းပြည်နယ် အူရမ်ချီမြို့ရှိ တိုက်ခန်းတွင် မီးလောင်မှုကြောင့် သေဆုံးသွားသူများနှင့် အတူရပ်တည်ကြောင်း ဖော်ပြရန် စာရွက်လွတ်များကို ကိုင်ဆောင်ကာ ပေကျင်းတွင် ကိုဗစ်ကန့်သတ်မှုဆန့်ကျင်ရေး စက္ကူဖြူဆန္ဒပြပွဲများ ပြုလုပ်နေသည့်ဗီဒီယိုများကို ချန်က လူမှုမီဒီယာတွင် မြင်တွေ့ခဲ့ရသည်။

“၃ မိနစ်အတွင်းမှာပဲ သူတို့နဲ့ ပူးပေါင်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်” ဟု ပုဂ္ဂလိကမီဒီယာအဖွဲ့အစည်းတစ်ခုမှ သတင်း ထောက်ဟောင်း ချန်က RFA တရုတ်ဘာသာဌာနသို့ ပြောကြားခဲ့သည်။ 
ချန်သည် ထိန်းသိမ်းခံရမှုဘေးမှ သီသီလေးလွတ်မြောက်လာခဲ့ပြီး ဆန္ဒပြပွဲတွင် ပါဝင်ပြီးပျောက်ဆုံးနေသော သို့မဟုတ် ထိန်းသိမ်းခံထားရသူ အယောက် ၂၀ ခန့်ရှိသည်ဟု သိရကြောင်း ပြောကြားခဲ့သည်။ ဖမ်းဆီးထိန်းသိမ်းရသည့်အကြောင်းကို လူအများသိရှိစေရန် သူမက ကြိုးပမ်းလျက်ရှိသည်။

ထိန်းသိမ်းခံထားရသည့်ဆန္ဒပြသူ ချောင်ကျီရှင်းက ကြိုတင်ရိုက်ကူးထားသည့် ဗီဒီယိုတွင် ဖမ်းဆီးခံရသူ ၁ ဒါဇင်ကျော်အကြောင်းကို အသေးစိတ် ပြောပြထားပြီး ပေကျင်းတွင်သာမက ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့သူ လူ ၄၀ ဦးထက်မနည်းကို အာဏာပိုင်များက တိတ်တဆိတ် ဖမ်းဆီးထားကြောင်း အမေရိကန်အခြေစိုက် လူ့အခွင့်အရေး လှုပ်ရှားသူများက ပြောကြားခဲ့ သည်။

"ကွန်မြူနစ်ပါတီက ကျွန်မကို အလုပ်လက်မဲ့ဖြစ်စေခဲ့ပါတယ်။ ပိတ်ဆို့ကန့်သတ်မှုတွေကြောင့် လူတွေ့မေးမြန်းမှုတွေ အများကြီး လွတ်သွားပါတယ်" ဟု ချန်က ပြောကြားခဲ့သည်။ 
ပုန်ကန်သူတစ်ဦးမဟုတ်သော်လည်း အွန်လိုင်းတွင် အမျိုးသမီးဝါဒီများ၏ သတင်းများကို တွေ့မြင်ပြီးနောက် နိုင်ငံရေးအသိဝင်လာခဲ့ကြောင်း သူမက ဆိုသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly