မြင်းမူမြို့နယ်တွင် စစ်ကောင်စီတပ်စွဲရာနေရာများကို ဒရုန်းစစ်ဆင်ရေးဖြင့်တိုက်ခိုက် စစ်ကောင်စီတပ်သား ၉ဦးသေဆုံးဟုဆို

By လင်းအိမ်(မဇ္ဈိမ)
31 January 2023
မြင်းမူမြို့နယ်တွင် စစ်ကောင်စီတပ်စွဲရာနေရာများကို ဒရုန်းစစ်ဆင်ရေးဖြင့်တိုက်ခိုက် စစ်ကောင်စီတပ်သား ၉ဦးသေဆုံးဟုဆို

စစ်ကိုင်းတိုင်း မြင်းမူမြို့နယ်တွင် စစ်ကောင်စီတပ်စွဲရာနေရာများကို ဒရုန်းစစ်ဆင်ရေးများပြုလုပ်တိုက်ခိုက်ခဲ့ပြီး  စစ်ကောင်စီတပ်သား ကိုးဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရသူများလည်းရှိခဲ့ကြောင်း Black Eagle Defence Force - MMU က ယမန်နေ့ ဇန်နဝါရီလ ၃၀ရက်တွင် ထုတ်ပြန်သည်။ 

မြင်းမူမြို့၏ အနောက်မြောက်ဘက် ၁၃မိုင်အကွာရှိ တောချောင်းဦးရွာမှ ရဲအင်အား၂၀ခန့်ရှိသည့် နယ်မြေရဲစခန်းကို ဇန်နဝါရီလ ၂၂ရက် မနက် ၁၀နာရီမှစတင်ကာ  ညနေ ၄နာရီဝန်းကျင်အထိ ဒရုန်းဖြင့် ခုနစ်ကြိမ် တိုက်ခိုက်ခဲ့ရာ ရဲသုံးဦးသေဆုံးခဲ့ပြီး တစ်ဦးဒဏ်ရာပြင်းထန်ခဲ့သည်ဟု ဆိုသည်။ 

ဇန်နဝါရီလ ၂၈ ရက်နေ့ နေ့လယ် ၄ နာရီအချိန်ခန့်တွင် မြင်းမူမြို့နှင့် ခုနစ်မိုင်ခန့်အကွာရှိ ဘိုးမင်းကင်းရွာအရှေ့  မုံရွာ-မန္တလေး လမ်းပိုင်း၊ မြောင်လမ်းခွဲအနီးတွင် အထိုင်ချနေသော စစ်ကောင်စီတပ်ကို  ဒရုန်းဖြင့် နှစ်ကြိမ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား လေးဦး သေပြီး နှစ်ဦးဒဏ်ရာရခဲ့သည်ဟု သိရသည်။ 

ဇန်နဝါရီလ ၂၉ရက် မနက် ၁၀နာရီအချိန်တွင် အဆိုပါမြောင်လမ်းခွဲအနီးတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်အား ဒရုန်းဖြင့် နှစ်ကြိမ် ထပ်မံ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား နှစ်ဦး သေဆုံးခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။ 

"တောချောင်ဦးစခန်းက သေတာက ရဲသုံးကောင်၊  ဒဏ်ရာရတစ်ကောင်ပါဗျ၊ တောက်လျှောက် အချိန်ကြာကြီးတိုက်တာတော့မဟုတ်ဘူးဗျ၊ ဒရုန်းနဲ့သွားချလိုက်၊ ပြန်လာလိုက်လုပ်ပြီးတိုက်ခိုက်ခဲ့တာပါ၊ ဘိုးမင်းကြီးကင်းမြောင်လမ်းခွဲက သေတာက အကြမ်းဖက်စကစစစ်သားတွေပါဗျ၊ ၂၈ရက်နေ့ သွားတိုက်တုန်းက စကစတပ်သား လေးကောင် နေရာမှာတင်သေတယ်လို့ စုံးစမ်းရတယ်ဗျ၊ နှစ်ယောက်ကတော့ မြင်းမူဆေးရုံကမနိုင်လို့ မန်းလေးဆေးရုံကိုပို့လိုက်တယ်လို့ သိရပါတယ်ဗျ။၂၉ရက်နေ့ မနက်၁၀နာရီဝန်းကျင်မှာလည်း သူတို့အထိုင်ချတပ်စွဲထားတဲ့ ကွင်းထဲကို နှစ်ကြိမ် ဒရုန်းနဲ့ချနိုင်ခဲ့တယ်၊ နှစ်ယောက်သေတယ်လို့သိရတယ်ဗျ။ ကျနော်တို့ အတည်ပြုနိုင်တာတော့ ကိုးဦးပဲ အတည်ပြုနိုင်တယ်ဗျ" ဟု Black Eagle Defence Force - MMU၏ သတင်းပြန်ကြားတာဝန်ခံ ဗိုလ်သုံးဆယ်က မဇ္ဈိမကို ပြောသည်။ 

တိုက်ခိုက်မှုများအပြီးတွင် စစ်ကောင်စီတပ်ဘက်မှလည်း လက်နက်ကြီး ၆၀မမ၊ ၄၀မမများဖြင့် ရမ်းပစ်ခတ်ခဲ့ပြီး ကျော့မင်းကျေးရွာမြောက်ဘက် ကွမ်းခြံအစပ်သို့ ၆၀မမကျည် ကျရောက်ကာ ပြည်သူများကို ထိခိုက်မှု မရှိခဲ့ကြောင်း သိရသည်။ 

အဆိုပါ Drone စစ်ဆင်ရေးများကို Black Eagle Defence Force-MMU အဖွဲ့၏ Black Eagle Drone Force (Black Eagle ဒရုန်းတပ်ခွဲ) မှ ဦးဆောင်ပြီး People's Defence Force Myinmu-MMU PDF နှင့် မြင်းမူမြို့နယ် ပကဖ တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ကြသည်ဟု ဆိုသည်။ 

စာတည်း - သန့်ဇော်(သန်လျင်) 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required