PDF ဂိမ်းများ ကစားခြင်း၊ ကြော်ငြာထည့်သွင်းခြင်း၊ အားပေးထောက်ပံ့ခြင်းများ ပြုလုပ်ပါက အရေးယူမည်ဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုကော်မတီ (CCCT) က ဆက်သွယ်ရေး ဖုန်းအော်ပရေတာများကတစ်ဆင့် သုံးစွဲသူများထံ ဇန်နဝါရီလ ၃၀ရက်နေ့က SMS စာတိုပေးပို့ခြင်းများ ပြုလုပ်ခဲ့သည်။
"သူတို့ကတော့ ပြောချင်တာပြောပေါ့။ ပြည်သူက သူတို့ကို အရေးမှ မလုပ်တော့တာ ထိရောက်မယ်လို့ မထင်ပါဘူး"ဟု CDF-Matupi Fundraising Committee အဖွဲ့ဝင်တစ်ဦးက ပြောသည်။
ထို့အပြင် စစ်ကောင်စီက လူမှုကွန်ရက်စာမျက်နှာတွင် Post ၊ Share ၊ Like၊ Comment တင်ခြင်းများနှင့် ပတ်သက်ပြီး အရေးယူခံရနိုင်သည်ဟုလည်း စာတိုများပေးပို့ ခြိမ်းခြောက်ခဲ့သည်။
"ဒါကတော့ ကိုယ့်လွတ်လပ်ခွင့်ဆုံးရှုံးတာပေါ့။ ဒါက မလုပ်သင့်တာ၊ ညစ်ပတ်တာပေါ့။ အခု facebookလည်း ပိတ်ခဲ့ပြီးပြီလေ။ ဘာပဲဖြစ်ဖြစ် ပြည်တွင်းနေတဲ့သူက သူ့ဆက်သွယ်ရေးပဲသုံးနေတာဆိုတော့ အရင်ကထက် သတိထားရတယ် "ဟု နေပြည်တော်ရှိ ပြည်သူတစ်ဦးက ပြောသည်။
အာဏာသိမ်းပြီးနောက် စစ်ကောင်စီက လူ့အခွင့်အရေးချိုးဖောက်မှု များစွာပြုလုပ်နေပြီး ၎င်းတို့ကို လူမှုကွန်ရက်စာမျက်နှာတွင် ဆန့်ကျင်ရေးသားသူများကိုလည်း နေ့စဥ်နှင့်အမျှ လိုက်လံဖမ်းဆီးနေသည်။
၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့အထိ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း ၁၃,၇၁၉ ဦးရှိပြီး ၎င်းတို့အနက်မှ ၂,၂၁၆ ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရကြောင်း နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ထုတ်ပြန်ထားသည်။
စာတည်း - သန့်ဇော်(သန်လျင်)