အကြမ်းဖက်မှုနှင့် ဖမ်းဆီးမှုများကြား ရွေးကောက်ပွဲများ ကျင်းပမည်အတွက် ကုလသမဂ္ဂအကြီးအကဲ စိုးရိမ် 

အကြမ်းဖက်မှုနှင့် ဖမ်းဆီးမှုများကြား ရွေးကောက်ပွဲများ ကျင်းပမည်အတွက် ကုလသမဂ္ဂအကြီးအကဲ စိုးရိမ် 

ဇန်နဝါရီလ ၃၁ ရက်

မြန်မာစစ်အာဏာသိမ်းအုပ်စု စစ်ကောင်စီသည် ပြင်းပြင်းထန်ထန် လေကြောင်းတိုက်ခိုက်ခြင်းနှင့် အရပ်သားနေအိမ်များအား မီးရှို့ခြင်းများအပြင် နိုင်ငံရေးခေါင်းဆောင်များ၊ အရပ်ဘက်လူမှုဝန်ထမ်းများနှင့် ဂျာနယ်လစ်များကို ဖမ်းဆီးခြင်း၊ ခြိမ်းခြောက်ခြင်းနှင့် နှောင့်ယှက်တိုက်ခိုက်ခြင်းများ ကျူးလွန်နေသည့်ကြားမှပင် ရွေးကောက်ပွဲများ ကျင်းပရန် ရည်ရွယ်ထားခြင်းအပေါ် စိုးရိမ်ပူပန်ကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရပ်စ်က တနင်္လာနေ့တွင် ဖော်ပြခဲ့သည်။ 

“မြန်မာပြည်သူတွေကို သူတို့ရဲ့ နိုင်ငံရေးရပိုင်ခွင့်တွေကို လွတ်လွတ်လပ်လပ် ရရှိစေတာမျိုး ခွင့်ပြုထားတာမဟုတ်တဲ့ အခြေအနေမျိုးမှာ အဆိုပြုထားတဲ့ မဲပေးမှုဟာ မတည်ငြိမ်မှုကို ပိုပြီးဆိုးဝါးစေမှာ ဖြစ်တယ်”ဟု ဂူတာရပ်စ်၏ ပြောရေးဆိုခွင့်ရှိသူ စတီဖင် ဒူဂျာရစ်က ထုတ်ပြန်ချက်၌ ဆိုသည်။ 

ဩဂုတ်လအတွင်း ရွေးကောက်ပွဲသစ်များ ကျင်းပမည်ကို စစ်ကောင်စီက ပြီးခဲ့သည့် သီတင်းပတ်တွင် ကတိပေးထားသည်။ 

ဖေဖော်ဝါရီ ၁ ရက်သည် မြန်မာစစ်တပ်က ဒီမိုကရေစီနည်းကျ ရွေးကောက်ခံ အစိုးရအား ဖြုတ်ချကာ အာဏာသိမ်းပြီး အစိုးရအဖွဲ့ဝင်များကို ဖမ်းဆီးခဲ့သည်မှာ နှစ်နှစ်ပြည့်မြောက်ပြီ ဖြစ်သည်။ 

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်သည် မြန်မာပြည်သူများနှင့် တသားတည်းရပ်တည်ကာ မြန်မာပြည်သူများ၏ အားလုံးပါဝင်သော၊ ငြိမ်းချမ်းသော လူ့အဖွဲ့အစည်းနှင့် ရိုဟင်ဂျာများ အပါအဝင် လူ့အဖွဲ့အစည်းအားလုံးကို ကာကွယ်ပေးနိုင်ရေး ပြင်းပြသည့် စိတ်ဆန္ဒများကို အားပေးထောက်ခံလျက်ရှိကြောင်း ဒူဂျာရစ်က ဆိုသည်။ 

အကျပ်အတည်းသည် ပြင်းထန်သည့် ဒေသတွင်း သက်ရောက်မှုများကို ပို၍ ဆိုးဝါးနေစေခြင်းကြောင့် အကြမ်းဖက်မှုပုံစံအားလုံးကို ဂူတာရပ်စ်က ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း ဒူဂျာရစ်က ပြောသည်။ 

အိမ်နီးချင်းနိုင်ငံများနှင့် အခြားသော အဖွဲ့ဝင်နိုင်ငံများအနေဖြင့် မြန်မာစစ်တပ်အား မြန်မာပြည်သူများ၏ စိတ်ဆန္ဒနှင့် လိုအပ်ချက်ကို လေးစားရန်နှင့် ဒီမိုကရေစီစံနှုန်းများကို လိုက်နာရန် ဂူတာရပ်စ်က ထပ်လောင်းတိုက်တွန်းကြောင်း ၎င်းက ပြောသည်။ 

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်၌ မြန်မာစစ်တပ်သည် ပြီးခဲ့သည့် နိုဝင်ဘာ ရွေးကောက်ပွဲ၌ NLD ပါတီ အနိုင်ရပြီးနောက်တွင် ဒေါ်အောင်ဆန်းစုကြည်၏ အစိုးရကို အာဏာသိမ်းဖြုတ်ချခဲ့ခြင်း ဖြစ်သည်။ 

ဒေါ်အောင်ဆန်းစုကြည်အား ဖယ်ရှားခြင်းနှင့် စစ်အုပ်ချုပ်ရေး ကျင့်သုံးကို ပြည်သူများက ဆန့်ကျင်ခြင်းကြောင့် အာဏာသိမ်းမှုသည် အရပ်ဘက် မတည်ငြိမ်မှုများနှင့် ရင်ဆိုင်ရသည်။ စစ်ကောင်စီသည် ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားသော တာဝန်ရှိသူများကို ဖမ်းဆီးပြီး ဆန္ဒပြမှုများကို အကြမ်းဖက်ဖိနှိပ်ရာ နိုင်ငံသည် ပြည်တွင်းစစ်ထဲ ကျရောက်နေပြီဟု ကုလသမဂ္ဂက သတိပေးထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly