ဗျူဟာမြောက်မဟာမိတ်ဖွဲ့နိုင်ရေး ယှဉ်ပြိုင်မှုတွင် တရုတ်နှင့်အမေရိကန်အကြား ဘင်္ဂလားဒေ့ရှ် အကျပ်ရိုက်နေ

By ANI 
31 January 2023
ဗျူဟာမြောက်မဟာမိတ်ဖွဲ့နိုင်ရေး ယှဉ်ပြိုင်မှုတွင် တရုတ်နှင့်အမေရိကန်အကြား ဘင်္ဂလားဒေ့ရှ် အကျပ်ရိုက်နေ

တရုတ်နှင့်အမေရိကန်သည်  ဒေသတွင်းတွင် အင်အားကြီးနိုင်ငံအဆင့်ယှဉ်ပြိုင်နေချိန်တွင် နှစ်နိုင်ငံစလုံးက ဘင်္ဂလားဒေ့ရှ်နှင့် မဟာဗျူဟာမြောက် မိတ်ဖွဲ့လိုခြင်းကြောင့် ဘင်္ဂလားဒေ့ရှ်သည် ၎င်းတို့အကြား ကြားညှပ်နေကြောင်း Bangladesh Live News တွင် ဖော်ပြထားသည်။

ဘင်္ဂလားဒေ့ရှ်နှင့် မကြာသေးမီက တင်းမာမှုများဖြစ်ခဲ့ခြင်းကြောင့် တရုတ်နှင့် ပိုမိုနီးကပ်သွားမည်ကို အမေရိကန်က စိုးရိမ်နေသည်။
အသစ်ခန့်အပ်ခံရသော တရုတ်နိုင်ငံခြားရေးဝန်ကြီး ကျင်ဂန်းသည်  မကြာသေးမီက အာဖရိကခရီးစဉ်အသွားတွင်  ဘင်္ဂလားဒေ့ရှ်မြို့တော် ဒါကာသို့ ဝင်ရောက်ခဲ့သည်။ 

ဒါကာတွင် ပထမဆုံး ခရီးတစ်ထောက်ရပ်နားခြင်းဖြင့် အရေးကြီးသော နိုင်ငံခြားရေးမူဝါဒကို ချမှတ်ခဲ့သည်။
ယင်းခရီးစဉ်သည် အမေရိကန်နိုင်ငံတော်လုံခြုံရေးကောင်စီ၏ တောင်အာရှအကြီးတန်းညွှန်ကြားရေးမှူး ရေတပ်ဗိုလ်ချုပ်ကြီး အိုင်လင်းလူဘာချာ၏ ခရီးစဉ်နှင့် တိုက်ဆိုင်နေသည်။

"ဘင်္ဂလားဒေ့ရှ်က အမေရိကန်၊ တရုတ် နှစ်နိင်ငံစလုံးနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးကို ဆက်ထိန်းထားလို ပါတယ်။ အဲဒါက စိန်ခေါ်မှုတစ်ခုပါပဲ" ဟု မကြာသေးမီက ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး အက်ဒူလာမိုမန်က ပြောကြားခဲ့သည်။
ဘင်္ဂလားဒေ့ရှ်၏ ထိပ်တန်းလုံခြုံရေးတပ်ဖွဲ့ ခြေမြန်တပ်ရင်းက လက်စဖျောက်ခြင်းအပါအဝင် လူ့အခွင့်အရေးချိုး ဖောက်မှုများကြောင့် အမေရိကန်က ပိတ်ဆို့အရေးယူမှု ကြေညာပြီးနောက် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလနောက်ပိုင်း အမေရိကန်နှင့် ဘင်္ဂလားဒေ့ရှ် ဆက်ဆံရေးတင်းမာခဲ့သည်။

လာမည့်ရွေးကောက်ပွဲများကို လွတ်လပ်ပြီး တရားမျှတစွာကျင်းပရန် ၂၀၂၂ ခုနှစ်တွင်   အမေရိကန်က ဘင်္ဂလားဒေ့ရှ်ကို တောင်းဆိုပြီးနောက် ဆက်ဆံရေး ပိုမို တင်းမာလာခဲ့သည်။ ဘင်္ဂလားဒေ့ရှ်သည် တခြားနိုင်ငံများ၏ ဒီမိုကရေစီသင်ခန်းစာများ မလိုအပ်ကြောင်း မိုမန်က ပြောကြားခဲ့သည်။ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly