ပင်လယ်ပြင်ကာကွယ်ရေးကို အားဖြည့်ရန် ရေမြှုပ်မိုင်းများဝယ်ယူခြင်းကို  ဩစတြေးလျ အရှိန်မြှင့် 

By Reuters 
31 January 2023
ပင်လယ်ပြင်ကာကွယ်ရေးကို အားဖြည့်ရန် ရေမြှုပ်မိုင်းများဝယ်ယူခြင်းကို  ဩစတြေးလျ အရှိန်မြှင့် 

ပစိဖိတ်ဒေသတွင် တရုတ်က သြဇာလွှမ်းမိုးရေး တိုးမြှင့်လုပ်ဆောင်လာချိန်၌ သြစတြေးလျက ရေလမ်းကြောင်းများနှင့် ဆိပ်ကမ်းများကို ကျူးကျော်ရန်စသူများလက်မှ ကာကွယ်ရေးအတွက် အဆင့်မြင့် ရေမြှုပ်မိုင်းများဝယ်ယူမည့်အစီအစဉ်များကို အရှိန်မြှင့်သွားမည်ဖြစ်ကြောင်း ဇန်နဝါရီလ ၂၃ ရက်တွင် ပြောကြားလိုက်သည်။

စမတ်ရေမြှုပ်မိုင်းဟု ခေါ်သော ယင်းမိုင်းများသည် စစ်ရေးပစ်မှတ်များနှင့် အခြားသော သင်္ဘောအမျိုးအစား များအား ခွဲခြားနိုင်ရန် ဒီဇိုင်းထုတ်ထားကြောင်း ကာကွယ်ရေးဌာန ပြောရေးဆိုခွင့်ရှိသူက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

"ပင်လယ်ရေကြောင်း ဆက်သွယ်ရေးလမ်းကြောင်းများ လုံခြုံစေရန်နှင့် သြစတြေးလျ၏ ရေကြောင်းသွားလာရေးချဉ်းကပ်မှုများကို ကာကွယ်ပေးရန် အထောက်အကူ ဖြစ်စေမည့် စမတ်ရေမြှုပ်မိုင်းများ ဝယ်ယူမှုကို အရှိန်မြှင့် လုပ်ဆောင်နေသည်။ ခေတ်မီရေမြှုပ်မိုင်း၏ စွမ်းဆောင်ရည်သည် ကျူးကျော်ရန်စလာနိုင်သူများအတွက် အရေးပါသော အဟန့်အတားတစ်ခုဖြစ်သည်။” ဟုဆိုသည်။
ကာကွယ်ရေးဌာနက နောက်ထပ်အသေးစိတ်အချက်အလက်များကို မဖော်ပြခဲ့သော်လည်း သြစတြေးလျသည် နည်းပညာမြင့် ရေအောက်လက်နက်များကို ဝယ်ယူရေးအတွက် ဩစတြေးလျဒေါ်လာ ၁ ဘီလီယံ (အမေရိကန်ဒေါ်လာ ၆၉၈ သန်း) အသုံးပြုမည်ဖြစ်ကြောင်း Sydney Morning Herald သတင်းစာက ဇန်နဝါရီလ ၂၃ ရက် ဖော်ပြခဲ့သည်။

သြစတြေးလျအစိုးရသည် ဥရောပလက်နက်ရောင်းချသူထံမှ ရေမြှုပ်မိုင်းအများအပြားဝယ်ယူရေးစာချုပ်ကို မကြာမီချုပ်ဆိုတော့မည်ဖြစ်ကြောင်း ကာကွယ်ရေးနယ်ပယ်မှ အမည်မဖော်လိုသူ သတင်းရင်းမြစ်များကို ကိုးကားပြီး သတင်းတွင် ဖော်ပြထားသည်။
“ဒီနိုင်ငံတော်လုံခြုံရေး ပြဿနာတွေကို ကြိုတင်ထုတ်ပြောမှာ မဟုတ်ပါဘူး” ဟု ဝန်ကြီးချုပ် အန်သိုနီအဲလ်ဘန်းနိစ်က ABC ရုပ်မြင်သံကြားသို့ ပြောကြားခဲ့သည်။
" အကောင်းဆုံး ကာကွယ်ရေးစနစ်တွေ ရှိဖို့ ကျွန်တော်တို့လိုအပ်ပါတယ်။ ဒါကြောင့် ဒုံးကျည်ကာကွယ်ရေး၊ ဆိုက်ဘာ လုခြုံရေးနဲ့ ဒီပြဿနာအားလုံးကို ကျွန်တော်တို့ လေ့လာနေပါတယ်" ဟု အဲလ်ဘန်းနိစ်က ပြောကြားခဲ့သည်။

တရုတ်သည် ပစိဖိတ်ဒေသတွင် လွှမ်းမိုးနိုင်ရေး အရှိန်မြှင့်မည့် အစီအစဉ်များရှိပြီး  ဆော်လမွန်ကျွန်းစုနှင့် လုံခြုံရေးသဘောတူညီချက်ကို ၂၀၂၂ခု နှစ်တွင် ချုပ်ဆိုခဲ့သဖြင့် ယင်းဒေသကို သြဇာလွှမ်းမိုးရာနယ်ပယ်အဖြစ် ဆယ်စုနှစ်များစွာကြာ ယူဆခဲ့သည့် အမေရိကန်နှင့် သြစတြေးလျတို့ကို စိုးရိမ်မှုများ မြင့်တက်စေခဲ့သည်။ 

သြစတြေးလျသည် အမေရိကန်နှင့် ဗြိတိန်တို့ထံမှ နျူကလီးယား ရေငုပ်သင်္ဘောများ ဝယ်ယူရန် ၂၀၂၁ ခုနှစ်တွင် သဘောတူစာချုပ် ချုပ်ဆိုခဲ့မှုအပါအဝင် လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း ကာကွယ်ရေးအသုံးစရိတ်ကို မြှင့်တင်ရန် ကြိုးပမ်းလုပ်ဆောင်လာသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly