အမေရိကန်၊ ဆော်ဒီအာရေဗျတို့နှင့်ဆက်ဆံရေးကြောင့် ပါကစ္စတန်က အီရန်နှင့် နယ်စပ်အငြင်းပွားမှုဖြစ်

အမေရိကန်၊ ဆော်ဒီအာရေဗျတို့နှင့်ဆက်ဆံရေးကြောင့် ပါကစ္စတန်က အီရန်နှင့် နယ်စပ်အငြင်းပွားမှုဖြစ်

ပါကစ္စတန်နှင့် အီရန်တို့သည် ၎င်းတို့ လက်အောက်ခံ အကြမ်းဖက်သမားများကို ကြိုးကိုင်ကာ   အပြန်အလှန်တိုက်ခိုက်နေကြကြောင်း မူဝါဒသုတေသနအဖွဲ့၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

နှစ်နိုင်ငံစလုံးသည် အကြမ်းဖက်သမားများကြောင့် ပဋိပက္ခများ ဖြစ်ပွားသည်မှာ ကြာပြီဖြစ်ပြီး အီရန်အခြေစိုက် အကြမ်းဖက်အဖွဲ့ဖြစ်သည့် ဘာလို့ချ်သူပုန်များက ပါကစ္စတန်စစ်သားများကို မကြာသေးမီက သတ်ဖြတ်ခဲ့မှုသည် ပြဿနာများကို ပိုမိုဆိုးရွားစေခဲ့သည်။ 
ပါကစ္စတန်တွင်လည်း ယမန်နှစ်က အလားတူ တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သောကြောင့် ပါကစ္စတန်က အီရန်အတွင်း ခိုအောင်းနေသော အကြမ်းဖက်သမားများကို အရေးယူရန် အီရန်အား တိုက်တွန်းခဲ့သော်လည်း အီရန်၏ တုံ့ပြန်မှုသည် ကျေနပ်ဖွယ်ရာမရှိကြောင်း  မူဝါဒသုတေသနအဖွဲ့က ဖော်ပြသည်။

အီရန်နှင့် ပါကစ္စတန်အကြား နယ်နိမိတ်တွင် ရာဇဝတ်ဂိုဏ်းများ၊ အကြမ်းဖက်သမားများ၊ မူးယစ်ဆေးဝါး မှောင်ခိုသမားများနှင့် ဘာလို့ချ်သူပုန်များ သောင်းကျန်းလျက်ရှိပြီး နှစ်နိုင်ငံစလုံးက အကြမ်းဖက်မှုများကို တားဆီးရန် နယ်စပ်ခြံစည်းရိုးခတ်ခြင်းနှင့် ကင်းလှည့်ခြင်းတို့ကို တိုးမြှင့်လုပ်ဆောင်လျက်ရှိသည်။
ဘာလို့ချ် ခေါင်းဆောင်များသည် အီရန်တွင် ခိုလှုံနေကြသော်လည်း နိုင်ငံတွင်းရှိ ရှီယိုက်အများစုနှင့် ဆွန်နီဘာလို့ခ် သူပုန်များသည် သဘောထားကွဲလွဲနေသည်။ ဘာလို့ချ်သူပုန်များအပြင် အခြားအကြမ်းဖက်အဖွဲ့ ဇိုင်နာဘီယွန်းတပ်ဖွဲ့လည်း အီရန်တွင်  ခိုလှုံနေသည်။

အီရန်ကလည်း ဂျန်ဒူလာ၊ ဂျစ်အာလ်အစ်နှင့် ဟာရာကတ်အန်ဆာ ကဲ့သို့သော အီရန်ဆန့်ကျင်ရေး အကြမ်းဖက်အုပ်စုများကို ခိုလှုံခွင့်ပေးထားသည့် ပါကစ္စတန်ကို ပြစ်တင်ဝေဖန်ထားသည်။ ယင်းအဖွဲ့များအနက် အချို့သည် အမေရိကန်၏ ထောက်ပံ့မှုကို ရယူနေသည်ဟု POREG က ဖော်ပြထားသည်။
ပါကစ္စတန်သမ္မတဟောင်း အစစ်ဖ်အလီဇာဒါရီ နှင့် ယခင်စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး အက်ရှ်ဖက် ပါဗက် ကရာနီ လက်ထက်တွင် ပါကစ္စတန်သည် ဆော်ဒီအာရေဗျနှင့် အီရန်တို့အကြား ဟန်ချက်ညီအောင် ကြိုးပမ်းခဲ့ကြောင်း ဖော်ပြထားသည်။ သို့သော် အီရန်သည် ဆော်ဒီအာရေဗျနှင့် အမေရိကန်ကဲ့သို့ ပြိုင်ဘက်များနှင့် လိုက်လျောညီထွေဖြစ်အောင် ကြိုးစားနေသည့် ပါကစ္စတန်ကို အလွန်သတိထားနေသည်။

ယခုအခါ ဆော်ဒီအာရေဗျသည် အကျပ်အတည်းဒဏ်ခံနေရသော ပါကစ္စတန်အတွက် အဓိက အလှူရှင် ဖြစ်လာသောအခါ  သဘောတူညီချက်များနှင့် အပေးအယူကိစ္စရပ်များ ပြုလုပ်ရန် ကြိုးပမ်းလာကြောင်း ပါကစ္စတန်မီဒီယာကို ကိုးကား၍ POREG က ပြောကြားခဲ့သည်။
ဒေသတွင်းရှိ ဆော်ဒီဆန့်ကျင်ရေးတပ်များကို ရပ်တန့်ရေး အီရန်ကို ဖိအားပေးရန် ဆော်ဒီအာရေဗျက ပါကစ္စတန်ကို တောင်းဆိုခဲ့သည်။  

ဆော်ဒီအာရေဗျ ပြည်ထဲရေးဝန်ကြီး မင်းသား အဘဒူလာဇစ်ဘင်သည် ၂၀၂၂ ဖေဖေါ်ဝါရီက ပါကစ္စတန်သို့ သွားရောက်စဉ် ကိုယ်တိုင် တောင်းဆိုချက်မှုများ ပြုလုပ်ခဲ့ကြောင်း POREG က ဖော်ပြသည်။

ဆော်ဒီခရီးစဉ်အပြီးတွင် အီရန်ပြည်ထဲရေးဝန်ကြီး အာမက်ဗဟီဒီသည် အီရန်နယ်ခြားစောင့်တပ်မှူးနှင့်အတူ ပါကစ္စတန်သို့ ရောက်ရှိလာခဲ့သည်။ အီရန်ခေါင်းဆောင်သည် ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘက်ရှရစ်ဖ်၊ စစ်တပ် အကြီးအကဲနှင့် ပြည်ထဲရေးဝန်ကြီး ယူဆက်နာဆီခိုခါးတို့နှင့် တွေ့ဆုံခဲ့သည်။ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly