ပါကစ္စတန်၏ ဆိုးရွားသော စီးပွားရေးအခြေအနေကို အမျိုးသားရေး ပါတီခေါင်းဆောင် သတိပေး

By ANI
31 January 2023
ပါကစ္စတန်၏ ဆိုးရွားသော စီးပွားရေးအခြေအနေကို အမျိုးသားရေး ပါတီခေါင်းဆောင် သတိပေး

အမျိုးသားရေး ဝါဒီယိမ်းသည့် မွတ်တာဟီဒါကွာမီလှုပ်ရှားမှု (MQM) ပါတီ၏ ထိပ်တန်းခေါင်းဆောင် အဲလ်တက်ဖ် ဟူစိန်က ပါကစ္စတန်နိုင်ငံ၏ စီးပွားရေးကို မနစ်မြုပ်နိုင်ဟုယူဆခဲ့ကြသည့် တိုက်တန်းနစ်သင်္ဘောနှင့် နှိုင်းယှဉ် ပြောကြားလိုက်သည်။

ဟူစိန်က ပါကစ္စတန်ရှိ ဆင်းရဲသားပြည်သူများအား အဆိုးဆုံးအခြေအနေအတွက် ကြိုတင်ပြင်ဆင်ထားရန် အကြံပြုခဲ့သည်။ “စားသောက်ကုန် ကုန်ခြောက်တွေကို အနည်းဆုံး ၆ လစာလောက်အထိ စုထားဖို့ အကြံပေးပါတယ်” ဟု ၎င်းက ဆိုသည်။
တရားမျှတမှုမရှိသောစနစ်က တိုင်းပြည်ကို အလုံးစုံပျက်စီးခြင်းအဖြစ်သို့ တွန်းပို့နေသော်လည်း အလွှာပေါင်းစုံတွင် အကျင့်ပျက်ခြစားနေသော အုပ်ချုပ်သူ အထက်တန်းစားအဖွဲ့များက လုံးဝ စိုးရိမ်မှုမရှိကြောင်း လန်ဒန်တွင်နေသော အဝေးရောက် ခေါင်းဆောင်က ပြောသည်။

တရားစီရင်ရေးစနစ်သည် အရေးပါသောပုဂ္ဂိုလ်များနှင့် အောက်ခြေလူတန်းစားများ၏ ငွေကြေး၊ အချိန်၊ အခွင့်အရေးနှင့် အသက်အရွယ်တို့ကို တရားရုံးများတွင်သာ ကုန်ဆုံးသွားစေရန် စီမံထားသည်ဟု ဟူစိန်က ဆိုသည်။
"တရားစီရင်ရေးစနစ်ကို အထက်တန်းစားများ၊ လူချမ်းသာများ၊ အရင်းရှင်များ၊ အငြင်းပွားကြသူများနှင့် အရပ်ဘက် သို့မဟုတ် စစ်ဘက်မှ အကျင့်ပျက်ခြစားသူများကသာ ချုပ်ကိုင်ထားသည်” ဟု ၎င်းက ထပ်လောင်းပြောသည်။

အဂတိလိုက်စားသော အထက်တန်းစားများက ဖန်တီးထားသော ပျက်စီးယိုယွင်းနေသည့်  စနစ်သည် လုယက်သူများနှင့် အကြမ်းဖက်သူများ၏ ဘဝကို ကာကွယ်ပေးသော်လည်း ဆင်းရဲသားပြည်သူများကို မလှုပ်သာမလှည့်သာအောင် လုပ်ထားသည်ဟု ၎င်းက ဆိုသည်။

“ဆင်းရဲသားတစ်ယောက်သည် တရားရုံးနှင့် အကျဉ်းထောင်ကို အပြန်အလှန်ကူးရင်း တစ်သက်လုံး အချိန်ကုန် သွားနိုင်သော်လည်း ထိပ်တန်းပုဂ္ဂိုလ်များသည် ကြီးလေးသော ရာဇဝတ်မှုများကို ကျူးလွန်သည့်တိုင် တရားရုံးက ၎င်းတို့ကို မထိရဲကြပေ။ နောက်ဆုံးတွင် လုပ်ရပ်တိုင်းအတွက် တန်ပြန်သက်ရောက်မှုရှိလာပေသည်။ အကျင့်ပျက်ခြစားမှုနှင့် မတရားသောစနစ်သည် တိုင်းပြည်ပျက်စီး‌စေဖို့ ဖြစ်လာစေပြီး တိုင်းပြည်စီးပွားရေးပါမကျန် အဘက်ဘက်တွင် ယိုယွင်းလာသည်” ဟု ဟူစိန်က ဆိုသည်။
“ပါကစ္စတန်ရဲ့ စီးပွားရေးဟာ တိုက်တန်းနစ်သင်္ဘောလိုပဲ နစ်မြုပ်သွားပါပြီ။ ဒါက ပြည်သူတွေ မသိအောင် ဖုံးကွယ်လို့ မရနိုင်တဲ့ အမှန်တရားဖြစ်ပြီး ကမ္ဘာကြီးကလည်း သိရှိနေပါပြီ” ဟု ၎င်းက ဆိုသည်။

နိုင်ငံတွင်း ငွေကြေးဖောင်းပွမှု အလွန်မြင့်တက်နေချိန်မှာ ပြည်သူများအနေဖြင့် ပျက်စီးယိုယွင်းနေသော စီးပွားရေးဆိုးကျိုးများမှ ရှောင်ရှားနိုင်ရန် အခြေခံစားသောက်ကုန် ကုန်ခြောက်များကို အနည်းဆုံး ၆ လစာခန့် စုဆောင်းထားသင့်ကြောင်း ပြည်ပရောက်ခေါင်းဆောင် ဟူစိန်က သတိပေးသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly