တရုတ်နှင့် စစ်ပွဲသည် ရွေးချယ်စရာမဟုတ်ကြောင်း ပုပ်ရဟန်းမင်းကြီးထံ ထိုင်ဝမ်သမ္မတ စာရေးသားပေးပို့

By Reuters
31 January 2023
တရုတ်နှင့် စစ်ပွဲသည် ရွေးချယ်စရာမဟုတ်ကြောင်း ပုပ်ရဟန်းမင်းကြီးထံ ထိုင်ဝမ်သမ္မတ စာရေးသားပေးပို့

ထိုင်ဝမ်သမ္မတ စိုင်အင်ဝမ်က ထိုင်ဝမ်နှင့် တရုတ်အကြားစစ်ပွဲသည် ရွေးချယ်စရာမဟုတ်ကြောင်းနှင့် အချုပ်အခြာအာဏာနှင့်လွတ်လပ်မှုဆိုင်ရာ ထိုင်ဝမ်ပြည်သူများ၏သန္နိဋ္ဌာန်ကို လေးစားလိုက်နာခြင်းဖြင့်သာ တရုတ်နှင့် ကောင်းမွန်သောဆက်ဆံရေးရှိနိုင်ကြောင်း ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ထံ စာရေးသားပေးပို့လိုက်သည်။

ဗာတီကန်နိုင်ငံသည် ထိုင်ဝမ်၏ တစ်ခုတည်းသော ဥရောပသံတမန်မဟာမိတ်ဖြစ်ပြီး ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က တရုတ်နိုင်ငံနှင့် ဆက်ဆံရေး တိုးတက်ရန် လုပ်ဆောင်လာခြင်းကြောင့် ထိုင်ဝမ်က  စိုးရိမ်စွာဖြင့် စောင့်ကြည့်လျက်ရှိသည်။ 
ဒီမိုကရေစီနည်းကျ အုပ်ချုပ်နေသော ထိုင်ဝမ်သည် တရုတ်၏ ဖိအားကြောင့် နိုင်ငံပေါင်း ၁၄ နိုင်ငံနှင့်သာ  တရားဝင် ဆက်ဆံရေးရှိနေသည်။

ယူကရိန်းစစ်ပွဲကြောင့် ကမ္ဘာကြီးသည် ငြိမ်းချမ်းရေးတန်ဖိုးကို သိရှိလာခဲ့ပြီး ဒေသတွင်း လုံခြုံရေး ထိန်းသိမ်းခြင်းသည် အရေးကြီးသော သဘောတူညီမှုတစ်ရပ် ဖြစ်လာကြောင်း ဇန်နဝါရီ ၁ ရက်က ပုပ်ရဟန်းမင်းကြီးထံပေးပို့သော ကမ္ဘာ့ငြိမ်းချမ်းရေးနေ့သဝဏ်လွှာတွင် သမ္မတ စိုင်က ရေးသားထားသည်။
"ထိုင်ဝမ်ရေလက်ကြား ငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးဟာ ရေလက်ကြားဖြတ်ကျော်ဆက်ဆံရေး တိုးတက်မှုအတွက် အခြေခံအုတ်မြစ်ဖြစ်ပြီး လက်နက်ကိုင်ထိပ်တိုက်ရင်ဆိုင်မှုဟာ ရွေးချယ်စရာမဟုတ်ကြောင်း ပြီးခဲ့တဲ့နှစ် အမျိုးသားနေ့မိန့်ခွန်းမှာ ထပ်လောင်းပြောကြားခဲ့ပါတယ်" ဟု စိုင်၏ ပြောကြားချက်ကို သမ္မတရုံးက ဇန်နဝါရီ ၂၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။

" အချုပ်အခြာအာဏာ၊ ဒီမိုကရေစီနှင့် လွတ်လပ်ရေးအတွက် ထိုင်ဝမ်ပြည်သူများ၏ ကတိကဝတ်များကို လေးစားလိုက်နာမှသာ ထိုင်ဝမ်ရေလက်ကြားတစ်လျှောက် အပြုသဘောဆောင်သော အပြန်အလှန်ဆက်ဆံမှုများ ပြန်လည်စတင်ရန် အခြေခံအုတ်မြစ်များ ရှိလာနိုင်သည်" ဟု ပြီးခဲ့သည့်နှစ် အောက်တိုဘာ ၁၀ ရက်က ပြောကြားခဲ့သည့် မိန့်ခွန်းကို စိုင်က ကိုးကားခဲ့သည်။

  တရုတ်၏ဖိအားကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) တွင် ပါဝင်ခွင့်မရခြင်းက ကိုဗစ်-၁၉ ကပ်ရောဂါကို တိုက်ဖျက်ရန် ကြိုးပမ်းမှုများကို အဟန့်အတားဖြစ်စေသည်ဟု  ထိုင်ဝမ်က အကြိမ်ကြိမ် ပြောခဲ့သည်။ WHO နှင့် တရုတ်နှစ်နိုင်ငံစလုံးက ထိုပြောကြားချက်ကို ငြင်းဆိုထားသည်။

ထိုင်ဝမ်ကို ပိုင်ဆိုင်ကြောင်း တရုတ်၏ပြောကြားချက်ကို ထိုင်ဝမ်က ငြင်းပယ်ကာ ပြည်သူ ၂၃ သန်းကသာ ၎င်းတို့၏ အနာဂတ်ကို ဆုံးဖြတ်နိုင်သည်ဟု ပြောဆိုထားသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly