မဲဆောက် UNHCR ရုံးရှေ့၌ မြန်မာဒုက္ခသည်အချို့  ၂ ရက်ဆက်တိုက် ဆန္ဒပြ

By ကိုရွှေမြိတ်(မဇ္ဈိမ)
30 January 2023
မဲဆောက် UNHCR ရုံးရှေ့၌ မြန်မာဒုက္ခသည်အချို့  ၂ ရက်ဆက်တိုက် ဆန္ဒပြ

ထိုင်းနိုင်ငံ၊ တာ့ခရိုင်၊ မဲဆောက်မြို့ရှိ UNHCR ရုံးရှေ့တွင် ပြီးခဲ့သည့်ရက်ပိုင်းက မြန်မာဒုက္ခသည်အချို့ နှစ်ရက်ဆက်တိုက် သွားရောက်ဆန္ဒပြခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံမှ နိုင်ငံရေးနှင့်တိုက်ပွဲများကြောင့် နယ်စပ်မှတဆင့် ထိုင်းနိုင်ငံ မဲဆောက်မြို့တွင်လာရောက် ခိုလုံနေသည့်ဒုက္ခသည်များအရေးနှင့်ပတ်သက်ပြီး ကူညီစောင့်ရှောက်မှု အားနည်းနေသည့်အတွက် သွား ရောက်ဆန္ဒပြခဲ့ခြင်းဖြစ်သည်ဟု မြန်မာဒုက္ခသည်တစ်ဦးက ပြောသည်။

နိုင်ငံရေးကြောင့် မဲဆောက်တွင်ခိုလှုံနေသည့် ဒုက္ခသည်တစ်ဦးက “အဓိက ကတော့ ဒီမှာ နေနေရတာ တစ်နှစ်ကျော်နေပြီ၊ လာပြီးခိုလှုံနေသူတွေကို ထဲထဲဝင်ဝင်ကူညီပေးတာမရှိဘူး။ နောက်ပြီး ထိုင်းရဲတွေ မကြာခဏ ဖမ်းဆီးခံရတာကိုလည်း ကိုယ်တိုင်ဖြေရှင်းနေရတယ်”ဟု ပြောသည်။

မဲဆောက် UNHCR ရုံးအရှေ့တွင် ဇန်နဝါရီလ ၂၇ ရက်နှင့် ၂၈ ရက်နေ့တို့တွင် Hurry up. Myanmar Refugee save UNHCR. Please handle the Burmese refugee issue စသည့် စာတမ်းများဖြင့် သွား ရောက်ဆန္ဒပြခဲ့သည်ဟု မြန်မာဒုက္ခသည်အသိုင်းဝိုင်းမှ သိရသည်။

မဲဆောက်တွင်လာရောက်ခိုလှုံနေသူအချို့မှာ UNHCR ၏ မြန်မာဒုက္ခသည် အရေးနှင့်ပတ်သက်၍ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှုတာဝန်ခံမှုနည်းပါးနေခြင်းကြောင့် နေရထိုင်ရခက်ခဲလာသလို စားဝတ် နေရေးမပြေလည်မှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။

ထိုင်းနိုင်ငံ မဲဆောက်တွင် မြန်မာနိုင်ငံမှ နိုင်ငံရေးနှင့် တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်လာပြီး UNHCR အကူညီဖြင့် တတိယနိုင်ငံတစ်ခုခု၌ နိုင်ငံရေးခိုလှုံခွင့်ရရှိရန် လျှောက်ထားသူ ၁၀၀,၀၀၀ ကျော် ရှိကြောင်း သိရသည်။

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required