အာဖဂန်နစ္စတန်မှ လီသီယမ်များကို မှောင်ခိုကူးမှု စွပ်စွဲချက်ဖြင့် တရုတ်နိုင်ငံသားများကို တာလီဘန် ဖမ်းဆီး

By VOA
30 January 2023
အာဖဂန်နစ္စတန်မှ လီသီယမ်များကို မှောင်ခိုကူးမှု စွပ်စွဲချက်ဖြင့် တရုတ်နိုင်ငံသားများကို တာလီဘန် ဖမ်းဆီး

အာဖဂန်နစ္စတန်နိုင်ငံတွင်းမှ မက်ထရစ်တန်ချိန် ၁၀၀၀ ခန့်ရှိသော လီသီယမ်ပါဝင်သည့်ကျောက်တုံးများကို ခိုးထုတ်ရန် ကြိုးပမ်းမှုဖြင့် တရုတ်နိုင်ငံသား ၂ ဦးအပါအဝင် လူ ၅ ဦးကို တာလီဘန်အာဏာပိုင်များက ဖမ်းဆီးလိုက်သည်။
အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း နယ်စပ်မြို့ဖြစ်သည့် ဂျာလာလာဘတ်မြို့တွင် ကျောက်တုံးများကို သိမ်းဆည်းရမိ ခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံသားများနှင့် ကြံရာပါ အာဖဂန်လူမျိုးများသည် အဖိုးတန်ကျောက်တုံးများကို ပါကစ္စတန်နိုင်ငံမှတစ်ဆင့် တရုတ်နိုင်ငံသို့ တရားမဝင်သယ်ဆောင်ရန် စီစဉ်နေခဲ့ကြောင်း တာလီဘန် ထောက်လှမ်းရေး အရာရှိများက ဇန်နဝါရီလ ၂၂ ရက်က ပြောကြားခဲ့သည်ဟု အာဖဂန်ရုပ်မြင်သံကြားလိုင်းများက ထုတ်လွှင့်ခဲ့သည်။
အာဖဂန်သတ္တုတွင်းနှင့် ရေနံဝန်ကြီးဌာနမှ အကြီးတန်းအရာရှိ မိုဟာမက် ရာဆူးရ် အကက်ဘ်က အဆိုပါ ကျောက်တုံးများတွင် လီသီယမ် ၃၀ ရာခိုင်နှုန်းအထိ ပါဝင်သည်ဟု ခန့်မှန်းထားသည်။ ကျောက်တုံးများကို ပါကစ္စတန်နယ်စပ်တစ်လျှောက်ရှိ အာဖဂန်ပြည်နယ် ၂ ခုဖြစ်သော နူရစ်စတန်နှင့်ကူနာတို့မှ လျှို့ဝှက်စွာ ထုတ်ယူခဲ့ကြောင်း ၎င်းက ထပ်မံပြောကြားခဲ့သည်။

အာဖဂန်နစ္စတန်တွင် အမေရိကန်နှင့် နေတိုးတပ်များ ၂၀၂၁ ခုနှစ် သြဂုတ်လတွင် အာဖဂန်နစ္စတန်နိုင်ငံမှ ထွက်ခွာသွားပြီးနောက် ၂၀၂၁ ခုနှစ် သြဂုတ်လ၌ တာလီဘန်သည် အာဏာပြန်ရလာချိန်တွင် လီသီယမ် ထုတ်ယူခြင်းနှင့် ရောင်းချခြင်းကို တားမြစ်ထားခဲ့သည်။

အာဖဂန်နစ္စတန်သည် လစ်သီယမ်သတ္တုသိုက်များ အပါအဝင် ခန့်မှန်းခြေ ဒေါ်လာ ၁ ထရီလီယံ တန်ဖိုးရှိ မြေရှားသတ္တုများပေါ်တွင် တည်ရှိနေသော်လည်း ဆယ်စုနှစ်များစွာကြာ စစ်မက်ဖြစ်ပွားမှုများကြောင့် အာဖဂန်သတ္တု တူးဖော်ရေးလုပ်ငန်းများ၏ ဖွံ့ဖြိုးတိုးတက်ရေးမှာ အဟန့်အတားဖြစ်ခဲ့သည်။
လီသီယမ်သည် အားပြန်သွင်းနိုင်သော ဘက်ထရီများတွင် အဓိက အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ရာသီဥတုပြောင်းလဲမှုကို ကိုင်တွယ်ဖြေရှင်းရန် သန့်စင်သည့်နည်းပညာများတွင် အသုံးပြုကာ ကမ္ဘာ့လီသီယမ်ဝယ်လိုအား မြင့်တက်လာသည်။

လူ့အခွင့်အရေးဆိုင်ရာ စိုးရိမ်မှုများ အထူးသဖြင့် အမျိုးသမီးများ အလုပ်လုပ်ကိုင်ခွင့်နှင့် ပညာရေးသင်ယူခွင့် ဆိုင်ရာ ကန့်သတ်ချက်များကြောင့် တာလီဘန်အစိုးရအား ကမ္ဘာက တရားဝင်အသိအမှတ်ပြုခြင်း မရှိသေးပေ။
အာဖဂန်နစ္စတန်ကို တာလီဘန်များ သိမ်းပိုက်ပြီးပြီးချင်း အမေရိကန်နှင့် အနောက်နိုင်ငံများက စီးပွားရေး ပိတ်ဆို့မှုများ ချမှတ်ခဲ့သည်။
တာလီဘန်အဖွဲ့သည် မကြာသေးမီလများအတွင်းက ပါကစ္စတန်သို့ ကျောက်မီးသွေးတင်ပို့မှုကို တိုးမြှင့်ခဲ့ပြီး ဘဏ္ဍာရေးလိုအပ်ချက်များကို ဖြည့်တင်းရန်နှင့် အစိုးရဝန်ထမ်းများကို လစာပေးရန် များစွာလိုအပ်နေသည့် ဝင်ငွေများ ရရှိခဲ့သည်။ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly