မန္တလေးတွင် အိမ်ရာမဲ့များပြားလာပြီး လမ်းဘေး၌သေဆုံးမှု မကြာခဏဖြစ်ပေါ်နေ

By 007 (မဇ္စျိမ)
29 January 2023
မန္တလေးတွင် အိမ်ရာမဲ့များပြားလာပြီး လမ်းဘေး၌သေဆုံးမှု မကြာခဏဖြစ်ပေါ်နေ

ဇန်နဝါရီလ ၂၉ ရက်

စစ်အာဏာသိမ်းပြီးနောက် နှစ်နှစ်ခန့်အကြာတွင်၊ မန္တလေးမြို့၌ အိမ်ရာမဲ့ များပြား လာသည်ကိုတွေ့ရကြောင်း ဒေသခံများကပြောဆိုကြသည်။

“ရွှေ့ပြောင်းမဟုတ်တဲ့ အိမ်ရာမဲ့တွေ တစ်နေ့တခြားပိုများလာတယ်။ ပြီးခဲ့တဲ့လကုန်ပိုင်းလောက်ကစပြီး ပိုသိသာလာတာ။ မြို့ထဲက ရပ်ကွက်ထိပ်တွေမှာပါတွေ့လာရတယ်။ မြို့သစ်ဘက်ကနေရာတွေကို ကျူး ကျော်တွေဆိုပြီး တရကြမ်းဖျက်ဆီးပစ်နေတဲ့ဂယက်ကြောင့်ပေါ့ဗျာ” ဟု မြို့ခံတစ်ဦးက ပြောသည်။

အိမ်ရာမဲ့နေထိုင်သူများအား ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလကုန်ပိုင်းမှစ၍ မြို့တွင်းမြို့လယ်ခေါင် ရပ်ကွက် လမ်းထိပ်များသို့ ပြောင်းရွှေ့နေထိုင်လာသည်ကိုတွေ့ရခြင်းဖြစ်ကြောင်း စောင့်ကြည့်သူအချို့ကလည်း ဆိုသည်။

စစ်ကောင်စီတပ်က မန္တလေးမြို့သစ်မှနေအိမ်များအား ကျူးကျော်ဟုသတ်မှတ်ချက်ဖြင့် အတင်းအဓမ္မ ဖယ်ရှားရှင်းလင်းခြင်း၏ နောက်ဆက်တွဲပြဿနာတစ်ခုဖြစ်ကြောင်းလည်း သိရသည်။

“အိမ်ရာမဲ့နေထိုင်သူတွေကို မြစ်ကမ်းဘေးတွေမှာ တွေ့ရတယ်။ တချို့ရပ်ကွက်တွေမှာ အုတ်တံတိုင်း ဘေး ကပ်နေကြတာတွေ့ရတယ်။ ဘူတာနဲ့ရထားသံလမ်းဘေးတွေမှာလည်း အများကြီးပဲ။ ဟိုရက်က လမ်းဘေးသေနေတဲ့ ပိုင်ရှင်မဲ့အလောင်းနှစ်လောင်း တွေ့တယ်၊ ဘာဒဏ်ရာမှမရှိဘဲ သေနေတာ။ တအား အေးတဲ့ ဒဏ်မခံနိုင်လို့ သေတာလည်းဖြစ်နိုင်တယ်” ဟု မြို့ခံပရဟိတသမားတစ်ဦးက ပြောသည်။

မန္တလေးမြို့တွင် ပြီးခဲ့သည့်ဇန်နဝါရီလ ၂၁ ရက်နေ့နှင့် ၂၂ ရက်နေ့တို့က ပိုင်ရှင်မဲ့အလောင်းတွေ့ရှိမှုဖြစ်စဉ် နှစ်ခုဖြစ်ပွားခဲ့ပြီး၊ နှစ်ခုစလုံးမှာ လမ်းဘေးနေအိမ်ရာမဲ့များဖြစ်ကာ ဖျားနာပြီးသေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စာတည်း။ ။စောဖေ

စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly