ခင်ဦးမြို့နယ် ရွာသစ်ကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့က မီးရှို့ဖျက်ဆီး

By MTO (မဇ္ဈိမ)
29 January 2023
ခင်ဦးမြို့နယ် ရွာသစ်ကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့က မီးရှို့ဖျက်ဆီး

ဇန်နဝါရီလ ၂၉ ရက်

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ရှိ ရွာသစ်ကျေးရွာကို ဇန်နဝါရီလ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့များက စစ်ကြောင်းထိုးဝင်ရောက်ကာ မီးရှို့ဖျက်ဆီးခဲ့သည့်အတွက် နေအိမ်ခြောက်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“အင်းပတ်ကွေ့မှာအထိုင်ချထားတဲ့ စစ်ကောင်စီတပ်သားတွေ ဝင်ရောက်မီးရှို့သွားတာမှာ အိမ်ခြောက် လုံးပျက်စီးသွားတယ်။ ရွာထဲမှာရှိတဲ့အိမ်တွေအားလုံးကို ဖျက်ဆီးသွားတယ်။ ကျောပိုးအိတ်တွေ၊ ဖုန်းတွေ၊ စားစရာတွေ အားလုံးယူသွားတယ်” ဟု ၎င်းကပြောသည်။

စစ်ကောင်စီတပ်ဖွဲ့၏ မီးရှို့ဖျက်ဆီးမှုကြောင့်လယ်ယာသုံး စက်များ၊ ရေစုပ်စက်များ မီးလောင်ဆုံးရှုံးခဲ့ပြီး ခိုင်းနွားတစ်ကောင်သေဆုံးခဲ့ကာ နွားအများအပြား မီးလောင်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ယင်းအပြင် ဒေသခံများအသုံးပြုနိုင်ရန် ကိုယ်ထူကိုယ်ထ တည်ဆောက်ထားသည့် မူးမြစ်ကူးတံတားငယ် တစ်ခုကိုလည်း စစ်ကောင်စီတပ်ဖွဲ့က မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။

ရွာသစ်ကျေးရွာသည် ရေဦး-ညောင်ပင်သာ ကားလမ်းဘေးတွင်တည်ရှိကာ အိမ် ခြေ ၂၀၀ ဝန်းကျင်ရှိသည့် ရွာတစ်ရွာဖြစ်ပြီး ပထမဆုံးအကြိမ် မီးရှို့ဖျက်ဆီးခံရခြင်း ဖြစ်ကြောင်းသိရသည်။

အာဏာသိမ်းပြီးနောက် ခင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၆၀ မှ အိမ်ခြေ ၂,၉၀၀ ကျော် မီးရှို့ဖျက်ဆီး ခံခဲ့ရပြီး အိုးမဲ့အိမ်မဲ့ဖြစ်သွားသည့် ပြည်သူဦးရေ ၁၅,၀၀၀ ကျော် ရှိနေပြီဖြစ်ကြောင်း ခင်ဦးသတင်းမှန်ပြန် ကြားရေးအဖွဲ့က ထုတ်ပြန်ထားသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly