၂၀၂၀ရွေးကောက်ပွဲရလဒ်ကို ဆက်လက်ကိုင်စွဲသွားမည်ဟု NLD ဆို

By မိုးသောက် (မဇ္ဈိမ)
29 January 2023
၂၀၂၀ရွေးကောက်ပွဲရလဒ်ကို ဆက်လက်ကိုင်စွဲသွားမည်ဟု NLD ဆို

ဇန်နဝါရီလ ၂၉ ရက်

၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကိုကိုင်စွဲပြီး ဆက်လက်ရပ်တည်သွားမည်ဖြစ် ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)က ယနေ့ ဇန်နဝါရီလ ၂၉ ရက် နံနက်ပိုင်းတွင်ထုတ် ပြန်အသိပေးထားသည်။

COVID-19 ကပ်ရောဂါများဖြစ်ပွားနေသည့်ကြားကပင် ပြည်သူလူထုမှ တစ်ခဲနက်မဲ‌ပေးခဲ့ကြပြီး ရရှိထား သည့် ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲရလဒ်ကို ကိုင်စွဲကာ ဆက်လက်ရပ်တည်သွားမည်ဖြစ်သည်ဟု NLD အလုပ်ကော်မတီမှ ဦးထွန်းမြင့်က မဇ္ဈိမသတင်းဌာနသို့ ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ပြောကြားသည်။

“နောင် လွတ်လပ်တဲ့ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကြီးတစ်ခုကျင်းပပြီး ရလဒ်မထွက်မပေါ်မချင်း ဒီ ရလဒ်ကို ကျနော်တို့ပါတီက ကိုင်စွဲသွားမှာဖြစ်တယ်” ဟု ဆိုသည်။

၂၀၂၀ ရွေးကောက်ပွဲတွင် နိုင်ငံအဝှမ်း မဲပေးပိုင်ခွင့်ရှိသူများအနက်မှ ၇၃ ရာခိုင်နှုန်းကျော် လာရောက်မဲပေး ခဲ့သည်။ မဲပေးသူစုစုပေါင်း၏ ၈၀ ရာခိုင်နှုန်းကျော်ကို NLD သည် မဲရရှိခဲ့ပြီး အစိုးရဖွဲ့စည်းနိုင်သည်အထိ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်သည့် စစ်တပ်သည် နိုင်ငံတော်အတိုင်ပင်ခံလည်း ဖြစ် NLD ဥက္ကဋ္ဌလည်းဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အရပ်သားနိုင်ငံ‌ရေးခေါင်းဆောင်များ ကို ဖမ်းဆီးပြီး စစ်အာဏာသိမ်းမှုကို ကျူးလွန်ခဲ့သည်။

ထိုသို့အာဏာသိမ်းပြီး နှစ်နှစ်နီးပါးအကြာတွင် စစ်ကောင်စီသည် ရွေးကောက်ပွဲကျင်းပရန်အတွက် ပြင်ဆင်မှုများပြုလုပ်လာသည်။

NLD ပါတီသည် စစ်ကောင်စီ၏ရွေးကောက်ပွဲကို ခိုင်မာစွာ ဆန့်ကျင်ကန့်ကွက်သွားမည်ဖြစ်ပြီး ရည်ရွယ် ချက်တူ အင်အားများအားလုံးနှင့် လက်တွဲဆောင်ရွက်ကာ အနာဂတ်နိုင်ငံတော်သစ်ကိုလည်း အတူတကွ အကောင်အထည်ဖော်သွားမည်ဟု သံန္နိဌာန်ပြုထားကြောင်း ယနေ့တွင် သတင်းထုတ်ပြန်ထားသည်။

“စစ်ကောင်စီရဲ့ထောက်တိုင်ဖြစ်တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီတစ်ခုတည်း အာဏာရရှိရေးနဲ့ အတုယောင် ရွေးကောက်ပွဲကို အဓမ္မကျင်းပသွားမှာဖြစ်တယ်။ ဒါကို နိုင်ငံကာနဲ့ အပြည်ပြည်ဆိုင်ရာကလည်း လက်မခံ ဘူးဆိုတာ ကြိုပြောထားသလို ထွက်ပေါ်လာတဲ့ရလဒ်ကို အသိအမှတ်မပြုဖို့ဆောင်ရွက်မယ် ပြည်တွင်းမှာ လည်း ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ကန့်ကွက်ဖို့ ကမ်ပိန်းတွေ ပူးပေါင်းပြီး ဆောင်ရွက်သွားဖို့ရှိပါတယ်” ဟု ဦးထွန်းမြင့်က ဆိုသည်။

ထပ်မံ၍ ရွေးကောက်ပွဲတွင် ပူးပေါင်းပါဝင်မှုမရှိသော ဆန့်ကျင်သော နိုင်ငံရေးပါတီများနှင့် ပူးပေါင်းပြီး ထုတ်ပြန်ချက်တစ်စောင်ထုတ်ပြန်ရန်လည်းရှိနေသည်ဟု ဆိုသည်။

NLD အနေဖြင့် စစ်ကောင်စီ၏ ကျင်းပမည့် ရွေးကောက်ပွဲအပေါ်တွင် ခိုင်မာစွာဆန့်ကျင်သွားမည်ဖြစ်ပြီး ပူးပေါင်းဆောင်ရွက်မည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်များကိုလည်း နိုင်ငံတော်ပုန်ကန်မှုကျူးလွန်ရာတွင် အား ပေးကူညီသူများအဖြစ် သတ်မှတ်မည်ဖြစ်ကြောင်း သိရသည်။

စာတည်း။ ။ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly