KNU မှ သင်တန်းပေးသော ဆေးသင်တန်း အပတ်စဉ်(၃) သင်တန်းဆင်းပွဲကျင်းပ

KNU မှ သင်တန်းပေးသော ဆေးသင်တန်း အပတ်စဉ်(၃) သင်တန်းဆင်းပွဲကျင်းပ

ဇန်နဝါရီလ ၂၉ ရက်

KNU တပ်မဟာ(၁)၊ သထုံခရိုင်အတွင်း၌ Community Health and Welfare Training-CHW အပတ်(၃)သင်တန်းဆင်းလက်မှတ် ပေးအပ်ပွဲအခမ်းအနားကို ဇန်နဝါရီလ ၂၇ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ ကြောင်း KNU-ဒူးသထူးခရိုင်၏ လူမှုကွန်ရက်စာမျက်နှာတွင် ထုတ်ပြန်ထားသည်။

သင်တန်းဆင်းပွဲအား KNU သထုံခရိုင်ဥက္ကဋ္ဌ ပဒိုစောစိုးမြင့်အပါအဝင် တပ်မဟာမှ တာဝန်ရှိခေါင်းဆောင် များစွာ တက်ရောက်ချီးမြှင့်ပေးခဲ့ကြောင်း KNU ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ခရိုင်ကျန်းမာရေးနှင့် ကယ်ဆယ်ရေးဌာနမှဦးစီး၍ သင်တန်းပို့ချပေးသော “လူထုအခြေပြု ကျန်းမာရေး စောင့်ရှောက်မှုသင်တန်း” CHW အပတ်စဉ်(၃)တွင် နယ်မြေ၊ အဖွဲ့အစည်းအသီးသီးမှ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၃၈ ဦး သင်ယူတက်မြောက်အောင်မြင်ခဲ့ပြီး သင်တန်းကာလ ခြောက်လကြာမြှင့် ကြောင်း သိရသည်။

“သင်တန်းတက်တုန်းက အခက်အခဲတွေတော့အများကြီးပဲ၊ ပထမ ကရင်လိုသင်ပေးတာဆိုတော့ ကရင် စာမရတဲ့ ညီမအတွက် တော်တော်လေးစိတ်ညစ်ခဲ့တာ၊ နောက်ကျတော့ ဆရာတွေက ဗမာလို သင်ပေး လာတဲ့အတွက် အဆင်ပြေသွားပါတယ်။ နောက်တစ်ခုက သင်တန်းကာလတစ်လျှောက်က နယ်မြေ မအေးချမ်းတဲ့အချိန်ဆိုတော့ ကျောပိုးအိတ်တစ်လုံးနဲ့ ပြေးရင်းလွှားရင်းနဲ့ကို သင်တန်းကပြီးသွားတာပဲ" ဟု သင်တန်းသူတစ်ဦးက မဇ္ဈိကို ပြောသည်။

CHW ဆေးသင်တန်းမှ သင်တန်းဆင်းလာသော သင်တန်းသား၊ သင်တန်းသူများသည် မိမိသက်ဆိုင်ရာ အဖွဲ့အစည်း၌ သော်လည်းကောင်း၊ သင်တန်းမှ နေရာချပေးသော ဒေသများ၌ ဆေးပညာနှင့် ပတ်သက်၍ ဒေသခံများအပေါ် အထောက်အကူပြု ပေးကြရမည်ဖြစ်ကြောင်း သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly