နတ်တလင်းမြို့သို့ အင်အားဖြည့်ရန်လာသော စစ်ကောင်စီတပ်များ ထပ်မံတိုက်ခိုက်ခံရ

By ရွှေနွယ် (မဇ္ဈိမ)
29 January 2023
နတ်တလင်းမြို့သို့ အင်အားဖြည့်ရန်လာသော စစ်ကောင်စီတပ်များ ထပ်မံတိုက်ခိုက်ခံရ

ဇန်နဝါရီလ ၂၉ ရက်

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့သို့ အင်အားဖြည့်ရန် ပဲခူးရိုးမရှိ တောင်ညိုဆည်၊ မန်ကျည်းပင်စက်လှေဂိတ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များလိုက်ပါလာသော စက်လှေသုံးစီးကို သာယာဝတီ ခရိုင် PDF ပူးပေါင်းအဖွဲ့တို့က ဇန်နဝါရီလ ၂၈ ရက်နေ့ ညနေ ၃ နာရီ ၃၀ မိနစ်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ ကြောင်း Bago Region PDF ပြန်ကြားရေးတာဝန်ခံထံမှ သိရသည်။

အဆိုပါတိုက်ခိုက်မှုကို သာယာဝတီခရိုင် PDF တပ်ရင်း(၃၈၀၁)မှ တပ်ခွဲ(၁) (Zigon PDF) ၊ တပ်ခွဲ (၂) (Phoenix)၊ တပ်ခွဲ(၃)(နတ်စစ်သည်) နှင့် တပ်ခွဲ (၄)(MRF) တပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

“ပဲခူးရိုးမပေါ်မှာ အရင်ကတည်းက စစ်ကောင်စီက အင်အားအများအပြားနဲ့ တပ်စွဲထားတာပါ၊ ဒီရက်ပိုင်း နတ်တလင်းမှာ ရက်ဆက်ဆိုသလို တိုက်ခိုက်နေတော့ သူတို့ နတ်တလင်းကို အင်အားဖြည့်ဖို့လာတာပါ၊ မိုင်းဆွဲတိုက်ခိုက်လိုက်တဲ့အတွက် အင်အားလာဖြည့်တဲ့ စက်လှေသုံးစီး လှည့်ပြန်သွားတယ်လို့ မြေပြင် သတင်းအရင်းမြစ်တွေကပြောပါတယ်” ဟု Bago Region PDF ပြန်ကြားရေးတာဝန်ခံက မဇ္ဈိမကိုပြော သည်။

ဇန်နဝါရီလ ၁၆ ရက်နေ့ကလည်း အဆိုပါ မန်ကျည်းပင်စက်လှေဂိတ်မှတက်လာသော စစ်ကောင်စီတပ်ဖွဲ့ အင်အား၂၀ ခန့်ကို သာယာဝတီခရိုင် PDF တပ်ရင်း (၃၈၀၁) မှ တပ်ခွဲ(၁) (Zigon PDF) ၊ တပ်ခွဲ (၂) (Phoenix)၊ တပ်ခွဲ (၃)(နတ်စစ်သည်) နှင့် တပ်ခွဲ (၄)(MRF) ပူးပေါင်းတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့ သောကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်‌ လေးဦးသေဆုံးပြီး ခြောက်ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့‌သည်။

“ကျွန်တော်တို့မြေပြင်တပ်ဖွဲ့တွေကပို့တဲ့ သတင်းအချက်အလက်တွေအရ မနေ့က မြို့ထဲမှာတော့ အလှုပ် အရှားသိပ်မရှိပေမယ့် နတ်တလင်းမြို့နားတဝိုက်ကို ရိုးမပေါ်အထိုင်ချထားတဲ့ စစ်ကောင်စီတပ်စခန်း ကနေ တနေကုန်နီးပါး လက်နက်ကြီးတွေနဲ့ပစ်နေပါတယ်” ဟု ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

ထို့ပြင် အဆိုပါစစ်ကောင်စီတပ်များသည် ပဲခူးရိုးမအတွင်း အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးရန် ပြင် ဆင်နေခြင်းဖြစ်နိုင်သည်ဟု Bago Region PDF ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

“ကျွန်တော်တို့ခန့်မှန်းတာ သူတို့ ပဲခူးရိုးမထဲကိုစစ်ကြောင်းထိုးဖို့ပြင်နေတယ်၊ အင်အားထောင်ချီနဲ့ စစ် ကြောင်းထိုးဖို့ပြင်နေတယ်၊ ကျွန်တော်တို့ဘက်က စစ်ရေးနဲ့ပတ်သက်လို့ အသေးစိတ်မပြောနိုင်ပေမယ့် ကျွန်တော်တို့ဘက်ကလည်း သူတို့တပ်အရွေ့အပြောင်း၊ လှုပ်ရှားမှု၊ အင်အား၊ အခြေအနေအကုန်လုံးကို အသေးစိတ်လေ့လာထားပါတယ် ဒါကတော့ကျွန်တော်တို့ပြောနိုင်ပါတယ်" ဟု Bago Region PDF ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ထို့ကြောင့် ပဲခူးရိုးမတွင်နေထိုင်နေကြသည့် ပြည်သူများအနေဖြင့် သတိကြီးစွာထား၍ နေထိုင်ကြရန် Bago Regio PDF က သတိပေးသည်။

"ပဲခူးရိုးမပေါ်ကို အခြေပြုလုပ်ကိုင်နေရတဲ့ပြည်သူတွေအနေနဲ့ သတိကြီးကြီးထားကြပါ။ သူတို့ဘက်က တော့ အခု ဆက်တိုက်လှုပ်ရှားလာနေတာရှိတယ်။ အရင်ကလည်း ပဲခူးရိုးမနားတဝိုက်က ဒေသခံတွေကို ဖမ်းတာတွေရှိခဲ့တယ်။ အရင်သုံးလေးလလောက်ကလည်း ဒီပဲခူးရိုးမနားတဝိုက် အဖြူအစိမ်းဝတ်ထားတဲ့ ကလေးကအစ သူတို့ဖမ်းကြတာရှိတယ်။ ဒါကြောင့် ပြည်သူတွေသတိနဲ့သွားလာ နေထိုင်ကြဖို့ ပြောချင် ပါတယ်” ဟု ပြန်ကြားရေးတာဝန်ခံက ပြောသည်။

စာတည်း။ ။ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly