အာဏာသိမ်းပြီး ၂ နှစ်အကြာ မြန်မာ့အခြေအနေက ‘ကပ်ဘေး’ ဆိုက်ရောက်နေဟု ကုလသမဂ္ဂ သတိပေး 

အာဏာသိမ်းပြီး ၂ နှစ်အကြာ မြန်မာ့အခြေအနေက ‘ကပ်ဘေး’ ဆိုက်ရောက်နေဟု ကုလသမဂ္ဂ သတိပေး 

ဇန်နဝါရီလ ၂၈ ရက်

မြန်မာနိုင်ငံ၌ စစ်အာဏာသိမ်းပြီး နှစ်နှစ်နီးပါးအကြာ၌ နိုင်ငံသည် ကပ်ဘေးအတွင်းသို့ ဆိုက်ရောက်လျက်ရှိနေပြီဟု ကုလသမဂ္ဂ လူ့အခွင့်အရေး အကြီးအကဲက သတိပေးပြီး စစ်တပ်ကို အရပ်သား ကြီးကြပ်မှုအောက် ထားရှိရန် တောင်းဆိုလိုက်သည်။ 

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်က ဒေါ်အောင်ဆန်းစုကြည်၏ အရပ်သားအစိုးရကို ဖြုတ်ချခဲ့ပြီး အာဏာသိမ်းလိုက်ချိန်မှစကာ မြန်မာနိုင်ငံသည် ကဏ္ဍာစုံနီးပါးနှင့် လူ့အခွင့်အရေး နယ်ပယ်အားလုံးတွင် ကြီးကြီးမားမား ဆုတ်ယုတ်လာကြောင်း ဗော်ကာ တပ်ခ်က ထုတ်ပြန်ချက်၌ ဆိုသည်။ 

“စစ်တပ်ဆိုတာ စစ်မက်ဖြစ်ပွားတဲ့အခါ အရပ်သားတွေကို ကာကွယ်ဖို့ ရှင်းလင်းတဲ့ တရားဝင်ဝတ္တရား ရှိတယ်၊ ဒါပေမဲ့ မြန်မာနိုင်ငံက စစ်တပ်ကတော့ နိုင်ငံတကာဥပဒေရဲ့ သက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကို လုံးလုံး အရေးမစိုက်ဘဲ ရှိနေတယ်”ဟု ၎င်းက ပြောသည်။ 

“စောင့်စည်းရမှာနဲ့ သွေဖည်ပြီး အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတယ်၊ အရပ်သားတွေဟာ ပစ်မှတ်ထား လက်နက်ကြီး တိုက်ခိုက်မှုတွေ၊ အရမ်းကာရော တိုက်ခိုက်မှုတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေ၊ တရားလက်မဲ့ သတ်ဖြတ်မှုတွေ၊ နှိပ်စက်ညှဥ်းပန်းမှုတွေရဲ့ သားကောင်ဖြစ်နေတယ်၊ ရွာလုံးကျွတ် မီးရှို့တာတွေလည်း ရှိတယ်”ဟု ဗော်ကာ တက်ခ်က ဆိုသည်။ 

အာဏာသိမ်းပြီးချိန်မှစပြီး စစ်တပ်နှင့် ၎င်း၏ မဟာမိတ်များလက်အတွင်း သေဆုံးရသည့် ပြည်သူပေါင်း အနည်းဆုံး ၂,၈၉၀ ရှိကြောင်း ယုံကြည်ရသည့် ရင်းမြစ်များကို ကိုးကားပြီး ကုလသမဂ္ဂရုံးက ပြောသည်။ 

ထို သေဆုံးရသူများတွင် အနည်းဆုံး ၇၆၇ ဦးသည် ဖမ်းဆီးချုပ်နှောင်ခံရချိန်အတွင်း သေဆုံးခဲ့ကြခြင်းဖြစ်ကြောင်း ယင်းရုံးက ဆိုပြီး စစ်တပ်၏ လုပ်ရပ်ကြောင့် အရပ်သား သေဆုံးရသူဦးရေသည် ထိုထပ် ပိုများနေနိုင်သည်ဟု ဖြည့်စွက်ပြောသည်။ 

စစ်တပ်သည် တိုင်းပြည်၏ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံခေါင်းဆောင်များကို ထောင်ကျပြီး အခြား ၁၆,၀၀၀ ကျော်ထက်မနည်းကိုလည်း ဖမ်းဆီးထားသည်ဟု အဆိုပါ ကုလသမဂ္ဂရုံးက ပြောသည်။ 

အာဏာသိမ်းပြီးချိန်မှစပြီး ပြည်တွင်းနေရပ်ရွှေ့ပြောင်းရသူ နောက်ထပ် ၁ ဒသမ ၂ သန်းရှိကာ ပြည်ပသို့ တိမ်းရှောင်ထွက်ပြေးရသူပေါင်း ၇၀,၀၀၀ ကျော်ထက်မနည်း ရှိသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly