ဟုမ္မလင်းမြို့  တော်စီရွာရှိ SNA စခန်းကို HPDF မှ တိုက်ခိုက်သိမ်းပိုက်ဟုဆို

By ကိုခင်မောင် (မဇ္ဈိမ)
28 January 2023
ဟုမ္မလင်းမြို့  တော်စီရွာရှိ SNA စခန်းကို HPDF မှ တိုက်ခိုက်သိမ်းပိုက်ဟုဆို

ဇန်နဝါရီ ၂၈ ရက် 

စစ်ကိုင်းတိုင်းဒေသကြီး၊  ဟုမ္မလင်းမြို့နယ်၊ တော်စီကျေးရွာရှိ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) စခန်းကုန်းနှင့် ဂိတ်စခန်းများကို ဟုမ္မလင်းပြည်သူ့ကာကွယ်ရေးအဖွဲ့( HPDF)များမှ ဝင်ရောက်စီးနင်း တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့သည်ဟု ခန္တီးခရိုင် အမှတ်(၁)တပ်ရင်း - ဟုမ္မလင်းမှ ယနေ့ဇန်နဝါရီ ၂၈ရက်တွင် သတင်းထုတ်ပြန်သည်။

ယမန်နေ့ ဇန်နဝါရီ ၂၇ရက်က ဟုမ္မလင်းမြို့နယ်၊ တော်စီကျေးရွာက စစ်ကောင်စီလက်အောက်ခံ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) ပွိုင့်ကုန်းနှင့် ဂိတ်စခန်းများကို  ခန္တီးခရိုင် အမှတ်(၁) တပ်ရင်းနှင့် မဟာမိတ် တပ်ဖွဲ့များဖြစ်သည့်  ဟုမ္မလင်း HPDF 124၊ HPDF၊ HPDF မိုးကြိုးစစ်ကြောင်း ပူးပေါင်းအဖွဲ့များမှ  တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

“တိုက်ပွဲဖြစ်စဉ်ကတော့ မနေ့ကမနက်ပိုင်းမှာ ကျနော်တို့ပူးပေါင်းစစ်ကြောင်းက စခ(စစ်ကောင်စီတပ်သား)နဲ့ SNAတပ်စွဲထားတဲ့ ပွိုင်းကုန်းတွေ တော်စီစခန်းကုန်းရယ်ကို စစ်ကြောင်းထိုးဝင်ရောက် သိမ်းဆည်းခဲ့ပါတယ်။ တိုက်ပွဲကြာချိန်က နေ့ဝက်လောက်အထိရှိပြီး နှစ်ဘက်အပြင်းအထန် ပစ်ခတ်ခဲ့ကြတာပါ။ စစ်ရေးအရ သိမ်းပြီး စခန်းချမထားဘဲ ပြန်လည်ဆုတ်ခွာခဲ့တာပါ” ဟု ခန္တီးခရိုင်တပ်ရင်း(၁)မှ တာဝန်ရှိသူ တစ်ဦးက မဇ္ဈိမသို့ပြောသည်။

အဆိုပါတိုက်ပွဲအတွင်း ရှမ်းနီအမျိုးသားများတပ်မတော် ( SNA)တပ်စခန်းနှင့် ဂိတ်စခန်းများကို သိမ်းပိုက်နိုင်ပြီး စနိုက်ပါသမားတစ်ယောက် သေဆုံးကာ လက်နက်ခဲယမ်းအများအပြားကိုလည်း သိမ်းဆည်းရရှိခဲ့သည်ဟု ခန္တီးခရိုင်တပ်ရင်း(၁)မှ  တာဝန်ရှိသူတစ်ဦးက ဆိုသည်။ 

ရှမ်းနီအမျိုးသားများတပ်မတော် (SNA)သည် အာဏာသိမ်း စစ်ကောင်စီတပ်နှင့် ပူးပေါင်းနေသဖြင့် ၎င်းတို့၏ တော်စီရွာ စခန်းကုန်းကို သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း ၊ နိုင်ငံရေးပစ်မှတ်သည် SNA မဟုတ်သော်လည်း စစ်ကောင်စီတပ်နှင့် ပူးပေါင်းနေသရွေ့ ထိတွေ့တိုက်ခိုက်မှုများ ဆက်လက်ရှိနေမည်ဖြစ်ကြောင်းလည်း အဆိုပါ တာဝန်ရှိသူထံမှ သိရသည်။

ဟုမ္မလင်းမြို့နယ် တော်စီရွာရှိ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) စခန်းအား  တိုက်ခိုက်သိမ်းပိုက်သည့် ဖြစ်စဉ်နှင့်ပတ်သက်ပြီး  မဇ္ဈိမမှ  ရှမ်းနီအမျိုးသားများတပ်မတော် (SNA)ထံ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ဟုမ္မလင်းမြို့နယ်ရှိ ပြည်သူများအနေဖြင့် ရှမ်းနီအမျိုးသားများတပ်မတော်(SNA)မှ ကျင်းပသည့် ရန်ပုံငွေရှာပွဲများကိုလည်း ရှောင်ရှားပေးကြရန် ခန္တီးခရိုင် အမှတ်(၁)တပ်ရင်း - ဟုမ္မလင်းမှ တိုက်တွန်းထားသည်။

စာတည်း  - သန့်ဇော်(သန်လျင်)
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly