ဆီဆိုင်မြို့၌ ၂ လအတွင်း စစ်ရှောင်ဦးရေ ၃,၀၀၀ ကျော် ထပ်တိုးလာ

By မေဘယ်လ်သူ (မဇ္ဈိမ)
28 January 2023
ဆီဆိုင်မြို့၌ ၂ လအတွင်း စစ်ရှောင်ဦးရေ ၃,၀၀၀ ကျော် ထပ်တိုးလာ

ဇန်နဝါရီလ ၂၈ ရက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်တွင် နှစ်လအတွင်း စစ်ဘေးရှောင်ဦးရေ ၃,၀၀၀ကျော် ထပ်တိုးလာပြီး နေရာထိုင်ခင်းနှင့် စားနပ်ရိက္ခာများ လိုအပ်နေကြောင်း ဒေသခံများက မဇ္ဈိမကို ပြောသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ နှင့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလအတွင်းက ကယားပြည်နယ်အတွင်း၌ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ကယားပြည်နယ် လွိုင်ကော်မြို့အနီးရှိ ကျေးရွာများမှ ဒေသခံများ စစ်ရှောင်အဖြစ် ရောက်ရှိနေကြောင်း ဆိုသည်။

“ နှစ်လအတွင်း ထပ်တိုးလာတဲ့ စစ်ဘေးရှောင်ဦးရေအများစုက လွိုင်ကော်မြို့အနီးက ကုန်းဆွတ်၊ ကျောက်ကြီး၊ ကျောက်ကုန်းစတဲ့ ရွာတွေက ဒေသခံတွေအများစုပါ။ ဒီဘက်မှာ ရာသီဥတုကလည်း အရမ်းအေးတဲ့အတွက် နေရာထိုင်ခင်းအတွက် အဆင်မပြေမှုတွေအများကြီး ကြုံနေရတယ်” ဟု ဆီဆိုင်မြို့နယ်မှ ဒေသခံတစ်ဦးက ဆိုသည်။

ထပ်တိုးလာသည့် စစ်ရှောင်ဦးရေများတွင် ပအိုဝ်းတိုင်းရင်းသားအများစုဖြစ်ပြီး၊ ရှမ်းနှင့် ကယန်းတိုင်းရင်းသားများလည်း ပါ၀င်ပြီးကာ၊ အချို့က တိုက်ပွဲကြောင့်ထွက်ပြေးလာကြသလို၊ အချို့မှာ စစ်ကောင်စီ၏ လက်နက်ကြီးဒဏ်နှင့် တိုက်ပွဲဖြစ်ပွားရာတွင် ထိခိုက်ဒဏ်ရာရသူများလည်း ပါ၀င်ကြောင်း ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က အာဏာသိမ်းပြီးချိန် နှစ်နှစ်မပြည့်ခင်အထိ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲ၊ ဖယ်ခုံမြို့နယ်အတွင်းမှ နေရပ်စွန့်ခွာနေရသည့် ဒုက္ခသည် အရေအတွက် နှစ်သိန်းဝန်းကျင်အထိရှိနေကြောင်းလည်း ကရင်နီလူ့အခွင့်အရေးအဖွဲ့ စာရင်းများတွင် ဖော်ပြထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly