မြစ်ကြီးနားမြို့မှာ စစ်ကောင်စီက ညမထွက်ရ မာရှယ်လောအမိန့် ထုတ်ပြန်

By အဂမ် (မနောမြေ) 
28 January 2023
မြစ်ကြီးနားမြို့မှာ စစ်ကောင်စီက ညမထွက်ရ မာရှယ်လောအမိန့် ထုတ်ပြန်

ဇန်နဝါရီလ ၂၈ ရက်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် အာဏာသိမ်းစစ်ကောင်စီက လူစုလူဝေးမပြုရန်နှင့် ညမထွက်ရ ပုဒ်မ - ၁၄၄ အမိန့်ထုတ်ပြန်ကြေညာလိုက်ကြောင်း ဆိုသည်။

အာဏာသိမ်းစစ်ကောင်စီခန့် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဝန်ကြီးများရုံးစိုက်ရာ မြစ်ကြီးနားမြို့အတွင်း လူ ငါးဦး (သို့မဟုတ်) လူ ငါး ဦး အထက် စုဝေးခြင်းမပြုရန် နှင့် ညမထွက်ရန် ပုဒ်မ ၁၄၄ ကို အာဏာသိမ်းစစ်ကောင်စီက ဇန်နဝါရီလ ၂၃ ရက်နေ့ ရက်စွဲဖြင့် အမိန့်စာထုတ်ပြန်ထားကြောင်း သတင်းရင်းမြစ်များက ယခုလိုဆိုသည်။

" ဌာနဆိုင်ရာတွေဘက်ကို အမိန့်စာရောက်လာတာတော့ဟုတ်တယ်။ ညဆိုရင်လည်း အပြင်မထွက်ကြနဲ့။ ဖြစ်လာခဲ့ရင်တော့ ကိုယ်ဖြစ်ကိုယ်ခံဆိုပြီးတော့ မှာထားတယ်" ဟု အမည်မဖော်လိုသည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ထုတ်ပြန်ချက်မှာ ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနားမြို့နယ်အတွင်း လူ ငါးဦး နဲ့ လူ ငါးဦးအထက် လမ်းပေါ်နှင့် အများပြည်သူပိုင်နေရာများမှာ စုဝေးခြင်းမပြုရန်နှင့် ည ၁၀နာရီမှ မနက် ၄ နာရီအချိန်အတွင်း ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ကို ထုတ်ပြန်ထားခြင်း ဖြစ်သည်။

ယခုရက်ပိုင်းအတွင် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များက မြစ်ကြီးနားမြို့တွင်း၌ အထူးစစ်ဆေးမှုများကို ထူးကဲပြုလုပ်လာသည့်အပြင် ရပ်တန့်စစ်ဆေးမှုကို မခံယူဘဲ လမ်းကြောင်းပြောင်းကာ လှည့်ထွက်သွားသူများကိုလည်း လိုက်လံပစ်ခတ်ဖမ်းဆီးမှုများကို နေ့စဥ်ရက်ဆက်ပြုလုပ်နေသည်ကို တွေ့ရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly