ကျုံဒိုးမြို့အနီးရှိ ကျေးရွာများအား ဗိုလ်စောအယ်စေးဝါး အဖွဲ့မှ ဝင်ရောက်မီးရှို့ခဲ့သည်ဟု သတင်းမှားဖြန့်

By ဂျူချန်း (မဇ္ဈိမ)
28 January 2023
ကျုံဒိုးမြို့အနီးရှိ ကျေးရွာများအား ဗိုလ်စောအယ်စေးဝါး အဖွဲ့မှ ဝင်ရောက်မီးရှို့ခဲ့သည်ဟု သတင်းမှားဖြန့်

ဇန်နဝါရီလ ၂၈ ရက်

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့အနီးရှိ ကျေးရွာများအား ဗိုလ်အယ်စေးဝါး နှင့် ပူးပေါင်းတပ်ဖွဲ့များ မီးရှို့ခဲ့ကြောင်း သတင်းများ ပျံ့နေသည်။ ယင်းမှာ မှားယွင်းနေသည်။

တယ်လီဂရမ်ရှိ Thruth Media ချန်နယ်တွင် “ကော့ကရိတ် ကျုံဒိုး၊ကမ်းနီ မီးရှို့ပြာချပြီး ထွက်ပြေးနေကြကုန်ပြီ လက်ပြတ်(ဗိုလ်စောအယ်စေးဝါး)နဲ့ပဒက်အဖွဲ့ (PDF)တွေ အတုံးအရုံးထားခဲ့ပြီး လာကောက်သူမရှိဘူးလို့ မြေပြင်သတင်းရရှိသည်” ဟု ပုံများနှင့်တကွ ရေးသားဖြန့်ဝေထားသည်။ ထိုအကြောင်းကို အခြားချန်နယ်များအပြင် ဖေ့ဘုတ်တွင်လည်း ပျံ့နှံ့နေသည်။

ထို့ပြင် View of Sue တယ်လီဂရမ်ချန်နယ်တွင်လည်း ထိုပုံများနှင့်ပင် "ကိုယ်တိုင်ရှို့၊ ကိုယ်တိုင် ရိုက် လက်ပြတ်အဖွဲ့" ဟုဖြန့်ဝေထားသည်။ ထိုအကြောင်းကို အခြားချန်နယ် ငါးခုတွင်လည်း ပျံ့နှံ့နေပြီး ကြည့်ရှုသူ နှစ်သောင်းကျော် ရှိနေပြီဖြစ်သည်။

ထိုအကြောင်းကို မဇ္ဈိမ မှ အချက်အလက် စစ်ဆေးခဲ့ရာ ပုံများသည် ဇန်နဝါရီ ၂၄ ရက် မနက်ပိုင်း၌ ကျုံဒိုးမြို့အခြေစိုက် စစ်ကောင်စီတပ်ရင်း အမှတ် (၅၄၅)၊(၅၄၆) တို့မှ ကမ်းနီကျေးရွာသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သောကြောင့် မီးလောင်နေသော နေအိမ်များပုံများ ဖြစ်သည်။

သတင်းတုတွင် ရည်ညွှန်းထားသည့် လက်ပြတ်အဖွဲ့မှာ ဗိုလ်စောအယ်စေးဝါး ဦး‌ဆောင်သည့် Lion Battalion Commando-ဗျူဟာစစ်ကြောင်း ဖြစ်ပြီး ထိုအဖွဲ့မှလည်း ပုံများနှင့်တကွ ကော့ကရိတ်မြို့နယ် ကျုံဒိုးမြို့အနီးတစ်ဝိုက်ရှိကျေးရွာများကို စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်၍ ဒေသခံပြည်သူများ တိမ်းရှောင်နေရကြောင်း ဖော်ပြထားသည်။ လင့် - t.ly/3gL4

ထို့အပြင် Myanmar Now, Than Lwin Times, VOA, DVB အစရှိသည့် သတင်းဌာနများတွင်လည်း ဇန်နဝါရီလ ၂၄ ရက်နေ့တွင် ကျုံဒိုးမြို့နယ် အနီးတစ်ဝိုက်ရှိ ကမ်းနီ၊ မိဂလုံ၊ ကော့ကာ၊ ကော့ကျိုက်၊ သရက်တော၊ တံတားဦး အစရှိသည့် ကျေးရွာများအား စစ်ကောင်စီမှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ နေအိမ်များ ပျက်စီးဆုံးရှုံးခဲ့ရကြောင်း တညီတညွတ်တည်း ဖော်ပြထားသည်။ လင့် - https://myanmar-now.org/mm/news/13832 , t.ly/iFhT , t.ly/pA0j , https://burmese.dvb.no/archives/575331

ထိုဒေသရှိ စစ်ရှောင် ဒေသခံတစ်ဦးမှလည်း "သူတို့အမြောက်က ကမ်းနီဘက်လှည့်ပစ်လိုက်၊ သရက်တောဘက်လှည့်ပစ် လိုက်၊ ကော့ကျိုက် ဘက်လှည့်ပစ်လိုက်နဲ့။ တစ်ညလုံးမအိပ်ရဘူး။ (၅၄၅ )၊ (၅၄၆ )က ပစ်တယ်လို့ သိရတယ်။ သူတို့က ကရင်စစ်သားရှိတယ် PDF ရှိတယ်ဆိုပြီးတော့ ပစ်တာ။ အမှန်က သူတို့ပစ်တဲ့အချိန်က ဘယ် ကရင်စစ်သားမှ မရှိတော့ဘူး။ ကရင်စစ်သားတွေ ခဏရောက်ပြီး ပြန်ထွက်သွားတယ်လို့ ပြောကြပေမယ့် သူတို့ပစ်တဲ့ချိန်က ဘယ်ကရင်၊ ဘယ် PDF မှလည်း ရှိမနေဘူး” ဟု မဇ္ဈိမသို့ ဆိုသည်။

ထို့ကြောင့် သတင်းမှားတွင် ဖော်ပြထားသည့် ဗိုလ်အယ်စေးဝါး ဦးဆောင်သည့် အဖွဲ့များမှ ကျုံဒိုးမြို့အနီးရှိ ကျေးရွာများအား မီးရှို့ခဲ့ခြင်းမှာ မဟုတ်မမှန်ဘဲ စစ်ကောင်စီ၏ ကျုံဒိုးမြို့အခြေစိုက် တပ်ရင်း (၅၄၅)နှင့် (၅၄၆) တို့မှ ပစ်သည့် လက်နက်ကြီးများ နေအိမ်များအပေါ် ကျရောက်ပေါက်ကွဲကာ မီးလောင်ခဲ့ရခြင်းဖြစ်သည်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly