၂၀၂၂ ခုနှစ်အကြောင်းဟု ဆိုကာ လွန်ခဲ့သည့် ၁၀ နှစ်က ပုံဟောင်းဖြင့် စစ်ကောင်စီ သတင်းဖြန့်

By ZZ (မဇ္ဈိမ)
28 January 2023
၂၀၂၂ ခုနှစ်အကြောင်းဟု ဆိုကာ လွန်ခဲ့သည့် ၁၀ နှစ်က ပုံဟောင်းဖြင့် စစ်ကောင်စီ သတင်းဖြန့်

ဇန်နဝါရီလ ၂၈ ရက်

အင်္ဂလိပ်ဘာသာဖြင့်ထုတ်ဝေသော စစ်ကောင်စီဝါဒဖြန်သတင်းစာ Global News light of Myanmar သတင်းစာတွင် ၂၀၂၂ခုနှစ်အတွင်း မြန်မာနိုင်ငံသို့ နိုင်ငံခြားသားခရီးသွားများ လာရောက်လည်ပတ်မှုနှုန်း ပိုတိုးလာကြောင်းကို ပုံဟောင်းဖြင့် တွဲ၍ ဖြန့်ဝေထားသည်။

Global News Light of Myanmar သတင်းစာ၏ ဇန်နဝါရီ ၂၆ ရက်နေ့ထုတ် သတင်းစာ စာမျက်နှာ ၅ မျက်မှောက်ရေးရာကဏ္ဍတွင် ၂၀၂၂ ခုနှစ်အတွင်း မြန်မာနိုင်ငံသို့ နိုင်ငံခြားသား ဝင်ရောက်မှု တိုးမြင့်လာကြောင်း ရေးသားဖော်ပြထားပြီး နိုင်ငံခြားသား အမျိုးသား နှစ်ဦးနှင့် အမျိုးသမီးတစ်ဦး ဈေးဝယ်နေသည့် ပုံဖြင့် ဖြန့်ဝေထားသည်။

ပုံ၏ အညွှန်းစာတွင် နိုင်ငံခြားသား သုံးဦး ရိုးရာလက်မှုပစ္စည်းဆိုင်တွင် အမှတ်တရလက်ဆောင်များ ဝယ်ယူသည်ကို မြင်တွေ့ရစဉ် ဟု ရေးသားကာ XINHUA မှ ပုံကို အသုံးပြုထားကြောင်း ဖော်ပြထားသည်။

ထိုပုံကို တရုတ်နိုင်ငံ အခြေစိုက် Xinhua သတင်းဝက်ဆိုက်တွင် ဖော်ပြမှုကို တွေ့ရသည်။ သို့သော်လည်း ၎င်းညွှန်းဆိုထားသည့် ၂၀၂၂ ခုနှစ်မဟုတ်ပေ။ လွန်ခဲ့သည့် ၁၀ နှစ် ၂၀၁၃ ခုနှစ်တွင် ဖော်ပြခဲ့သည့် ပုံဟောင်းဖြစ်သည်။

၂၀၁၃ ခုနှစ် ဇန်နဝါရီ ၂၅ ရက်နေ့တွင် ဖော်ပြခဲ့သည့် မြန်မာနိုင်ငံမှ ၂၀၁၂ ခုနှစ်အတွင်း ခရီးသွားများကို ပိုမိုဆွဲဆောင်နိုင်ခဲ့ကြောင်းဖော်ပြမှုတွင် အသုံးပြုထားသည့် ပုံဟောင်းဖြစ်သည်။ လင့် - t.ly/42xz

ထို့ကြောင့် စစ်ကောင်စီဝါဒဖြန့်သတင်းစာတွင် ဖော်ပြထားသည့်ပုံသည် ၂၀၂၂ ခုနှစ်အတွင်းရိုက်ထားသောပုံမဟုတ်ဘဲ လွန်ခဲ့သည့် ၁၀ နှစ် ၂၀၁၂ ခုနှစ်က ရိုက်ထားခဲ့သော ပုံဟောင်းသာ ဖြစ်သည်။

အမေရိကန် အစိုးရမှ မြန်မာနိုင်ငံကို ခရီးသွားလာရန် အန္တရာယ်အရှိဆုံးနိုင်ငံ(အဆင့်-၄) အဖြစ် ၂၀၂၂ ခုနှစ် ဇူလိုင်လက သတ်မှတ်ခဲ့သည်။ အလားတူ ဩစတြေးလျအစိုးရနှင့် ကနေဒါအစိုးရ များကလည်း မြန်မာနိုင်ငံသို့ ခရီးသွားလာခြင်း(လုံးဝ) မပြုလုပ်ကြရန် ညွှန်ကြားထားခဲ့သေးသည်။

ဝါဒဖြန့် သတင်းစာ၏ သတင်းဖော်ပြမှုတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်၏ ပြောစကားများကိုသာ အသုံးပြုထားခြင်းဖြစ်ပြီး ၂၀၂၂ ခုနှစ်အကြောင်းဟု ဆိုသော်လည်း လွန်ခဲ့သည့် ၁၀ နှစ်မှပုံကို အသုံးပြုထားခြင်းဖြစ်သည်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly